close

မိုးညှင်းမြို့

close

April 26, 2023

မိုးညှင်းမြို့နယ်တွင် လေပြင်းမုန်တိုင်းတိုက်ခတ်ပြီး နေအိမ်အလုံး ၅၀ ကျော်ပျက်စီး

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ မိုင်းနောင်ကျေးရွာမှာ ဧပြီ ၂၅ ရက် ညနေပိုင်းက လေပြင်းမုန်တိုင်း တိုက်ခတ်ခဲ့တဲ့အတွက် နေအိမ်အဆောက်အဦ အလုံး ၅၀ ကျော် ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

လေပြင်းမုန်တိုင်းတိုက်ခတ်ပြီး မိုးသီးတွေ ကြွေကျတာကြောင့် နေအိမ်အမိုးတွေလန်တာ၊ လျပ်စစ်ဓာတ်ကြိုးတွေ ပြတ်ကျတာ၊ သစ်ပင်တွေ လဲပြိုတာတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

ကျေးရွာဒေသခံတဦးက “ညနေ ၄ နာရီလောက်က မုန်တိုင်းကျပြီး မိုးသီးတွေကြွေတာ။ တနာရီလောက်ကြာတယ်။ အဆောက်အဦတွေ ထိခိုက်ပျက်စီးတာ အလုံး ၅၀ ကျော်လောက်ရှိတယ်။ သွပ်မိုးတွေ လန်တယ်၊ သစ်ပင်တွေ လဲတယ်၊ ဓာတ်ကြိုးတွေ ပြတ်ကျတယ်။ လေက အတော်ပြင်းတယ်” လို့ ပြောပါတယ်။

လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်အဆောက်အဦ အပါအဝင် ဘုန်းကြီးကျောင်း၊ သုသာန်မီးသင်္ဂြိုဟ်စက်၊ လူမှုရေးဓမ္မာရုံ စတဲ့ အဆောက်အဦ အလုံး ၅၀ ကျော် ထိခိုက်ပျက်စီးခဲ့တာပါ။

မိုင်းနောင်ကျေးရွာမှာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဧပြီလအတွင်းကလည်း လေပြင်းတိုက်ခတ်ပြီး မိုးသီးတွေ ကြွေကျခဲ့တဲ့အတွက် ကျေးရွာယာယီဈေး အပါအဝင် လူနေအိမ်အများအပြား ထိခိုက်ပျက်စီးခဲ့ပါသေးတယ်။

9 mins Ago

March 27, 2023

မိုးညှင်းတွင် စရဖအရာရှိ ၁ ဦး ပစ်ခတ်ခံရ

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်မှာ မတ် ၂၆ ရက် နေ့လယ်ပိုင်းက စစ်ဖက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ) အရာရှိ တယောက် သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြည်ထောင်စုလမ်းမပေါ်ရှိ ညောင်ကုန်းကျေးရွာအနီးမှာ သေနတ်နဲ့ ပစ်သတ်ခံရတာလို့ သိရပါတယ်။

စရဖ အသိုင်းအဝိုင်းနဲ့ နီးစပ်သူ  အမျိုးသားတဦးက “စက်သုံးဆီမော်တော်ယာဉ် ကုန်တင်ယာဉ်တွေကို ပိုက်ဆံလိုက်ကောက်ပြီး ပြန်လာတာ။ Honda Fit လေး။ အဲဒါ ပြည်ထောင်စုလမ်းမကြီးပေါ်မှာပဲ ညောင်ကုန်းနဲ့နီးတယ်။ ပြန်အလာကို စောင့်ပစ်သွားတာ။ မသိဘူး၊ ဘယ်အဖွဲ့ ပစ်လည်းတော့"လို့ ပြောပါတယ်။

သေနတ်နဲ့ ပစ်သတ်ခံရလို့ သေဆုံးခဲ့တဲ့ (စရဖ)အရာရှိ လမင်းထွန်းဟာ မိုးညှင်းမြို့နယ်က စက်သုံးဆီ မော်တော်ယာဉ် ကုန်တင်ယာဉ်တွေကို  တရားမဝင် ငွေကြေးလိုက်လံ တောင်းယူနေသူ တဦးဖြစ်ပြီး CDM ဝန်ထမ်းနဲ့  နိုင်ငံရေးတက်ကြွ လှုပ်ရှားသူတွေကို ဖမ်းဆီးနှိပ်စက်သူ တယောက် ဖြစ်တယ်လို့လည်း ဒေသခံကပြောပါတယ်။

မိုးညှင်းမြို့နယ်မှာ  ဇန်နဝါရီ ၂၄ ရက်က ရှမ်းနီ (တိုင်းလျန်)သွေးစည်းညီညွှတ်ရေးပါတီကနေ ၂၀၂၀ ခုနှစ်မှာ ရွေးကောက်ပွဲဝင်ရောက် ယှဉ်ပြိုင်ခဲ့သူ အမျိုးသားတစ်ဦး လက်ဖက်ရည်ဆိုင် ထိုင်နေစဉ်  သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပါသေးတယ်။

4 weeks Ago
Up