close

မိုးညှင်းမြို့နယ်တွင် လေပြင်းမုန်တိုင်းတိုက်ခတ်ပြီး နေအိမ်အလုံး ၅၀ ကျော်ပျက်စီး

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ မိုင်းနောင်ကျေးရွာမှာ ဧပြီ ၂၅ ရက် ညနေပိုင်းက လေပြင်းမုန်တိုင်း တိုက်ခတ်ခဲ့တဲ့အတွက် နေအိမ်အဆောက်အဦ အလုံး ၅၀ ကျော် ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

လေပြင်းမုန်တိုင်းတိုက်ခတ်ပြီး မိုးသီးတွေ ကြွေကျတာကြောင့် နေအိမ်အမိုးတွေလန်တာ၊ လျပ်စစ်ဓာတ်ကြိုးတွေ ပြတ်ကျတာ၊ သစ်ပင်တွေ လဲပြိုတာတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

ကျေးရွာဒေသခံတဦးက “ညနေ ၄ နာရီလောက်က မုန်တိုင်းကျပြီး မိုးသီးတွေကြွေတာ။ တနာရီလောက်ကြာတယ်။ အဆောက်အဦတွေ ထိခိုက်ပျက်စီးတာ အလုံး ၅၀ ကျော်လောက်ရှိတယ်။ သွပ်မိုးတွေ လန်တယ်၊ သစ်ပင်တွေ လဲတယ်၊ ဓာတ်ကြိုးတွေ ပြတ်ကျတယ်။ လေက အတော်ပြင်းတယ်” လို့ ပြောပါတယ်။

လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်အဆောက်အဦ အပါအဝင် ဘုန်းကြီးကျောင်း၊ သုသာန်မီးသင်္ဂြိုဟ်စက်၊ လူမှုရေးဓမ္မာရုံ စတဲ့ အဆောက်အဦ အလုံး ၅၀ ကျော် ထိခိုက်ပျက်စီးခဲ့တာပါ။

မိုင်းနောင်ကျေးရွာမှာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဧပြီလအတွင်းကလည်း လေပြင်းတိုက်ခတ်ပြီး မိုးသီးတွေ ကြွေကျခဲ့တဲ့အတွက် ကျေးရွာယာယီဈေး အပါအဝင် လူနေအိမ်အများအပြား ထိခိုက်ပျက်စီးခဲ့ပါသေးတယ်။

Up