ရှမ်းကယားနယ်စပ် မိုးဗြဲမြို့မှာ စက်တင်ဘာလအတွင်း စစ်ကောင်စီတပ်နဲ့ မဟာမိတ် တပ်ပေါင်းစုကြား တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က ၈၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
မိုးဗြဲမြို့မှာ စက်တင်ဘာ ၈ ရက်နေ့ကစတင်ကာ တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ၈၀ ဦး ထက်မနည်းသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူအများအပြား ရှိခဲ့သလို လက်နက်ခဲယမ်း တချို့ကိုလည်း သိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။
တိုက်ပွဲတွေအတွင်း မဟာမိတ်တပ်ပေါင်းစုဘက်မှ ရဲဘော် ၉ ဦး သေဆုံးပြီး ဒဏ်ရာရသူ ၅၄ ဦးရှိပြီး ၁၀ ဦးမှာ စိုးရိမ်ရတယ်လို့ ဆိုပါတယ်။ ကျဆုံးသွားတဲ့ ရဲဘော် ၉ ဦးမှာ မိုးဗြဲ PDF B-01 မှ ၅ ဦး၊ မိုးဗြဲ PDF B-02 မှ ၁ ဦး၊ URF မှ ၂ ဦးဖြစ်ပြီး ကရင်နီအမျိုးသား ကာကွယ်ရေးတပ် KNDF -B03 မှ ရဲဘော် ၁ ဦး ပျောက်ဆုံးနေတယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာညကြောင့် အရပ်သားပြည်သူ ၁၃ ဦး ထိခိုက်ဒဏ်ရာရကာ အသက် ၁၀ နှစ်အောက် ကလေးငယ် ၃ ဦးအပါအဝင် ၆ ဦး သေဆုံးသွားတယ်လို့ ဆိုပါတယ်။
မိုးဗြဲမြို့အတွင်း စစ်ကောင်စီတပ်နဲ့ မဟာမိတ်တပ်ပေါင်းစုကြား စစ်ရေးအခြေအနေ တင်းမာ နေတာကြောင့် တိုက်ပွဲဖြစ်ပွားရာ နေရာတွေနဲ့ အနီးတဝိုက်မှာ စစ်ကောင်စီထောင်ထားတဲ့ မိုင်းတွေရှိနေသေးတာကြောင့် ပြည်သူတွေ အသွားအလာ ဆင်ခြင်ကြဖို့နဲ့ နေရပ်ပြန်တာတွေ မပြုလုပ်ကြဖို့ မိုးဗြဲ ပြည်သူ့ကာကွယ်ရေးဆပ်ဖွဲ့က သတိပေးထားပါတယ်။
ရှမ်း-ကယားနယ်စပ်၊ ဖယ်ခုံမြို့နယ်၊ ဝါရီဆူးဖလိုင်ရွာကနေ မိုးဗြဲမြို့အတွင်း ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် အယောက် ၂၀ သေဆုံးကာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိတယ်လို့ ကာကွယ်ရေးအဖွဲ့က ပြောပါတယ်။
စက်တင်ဘာ ၈ ရက် မနက် ၉ နာရီလောက်က မိုးဗြဲမြို့ပေါ်ရှိ ဘုရားကျောင်းအနီး အင်အား ၄၀၀ လောက်နဲ့ စစ်ကြောင်းထိုးလာတာကြောင့် ခုခံတိုက်ခိုက်ခဲ့တာဖြစ်ပြီး တနေကုန်နီးပါး တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။
မိုးဗြဲ PDF နဲ့ နီးစပ်သူတယောက်က “မနက် ၉ နာရီလောက်က တိုက်ပွဲစဖြစ်တာပါ။ တိုက်ပွဲက တနေကုန်ပါပဲ။ မွန်းလွဲ ၂ နာရီအထိ တော်တော်ပြင်းထန်ပါတယ်။ စစ်ကောင်စီဘက်က အယောက် ၂၀ ထက်နည်း သေဆုံးတယ်လို့ ပြောလို့ရတယ်။ စစ်ကောင်စီဘက်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး လက်နက်ငယ်တွေကြောင့် ရဲဘော်တချို့ ထိခိုက်ဒဏ်ရာ ရထားပြီး အရပ်သားနေအိမ် ပျက်စီးတာ၊ အရပ်သားပြည်သူတချို့ သေဆုံးမှုရှိတယ်။ စစ်တပ်က ဖမ်းဆီးသတ်ဖြတ်တာလား၊ နှိပ်စက်ခဲ့တာလား အတည်ပြုလို့ မရသေးဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။
အဲဒီတိုက်ပွဲကို မိုးဗြဲ PDF၊ KA၊ KNDF၊ KRU နဲ့ URF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာဖြစ်ပြီး တိုက်ပွဲအတွင်း ရဲဘော်တချို့ သေနတ်ထိမှန် (မစိုးရိမ်ရ) ဒဏ်ရာရခဲ့တာကြောင့် ဆေးဝါးကုသမှု ပေးထားတယ်လို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း ငါးကြင်းမြီး ၁ လက်၊ စက်ကလေး ၃ လက်၊ RPG ၁ လက် အပါအဝင် စုစုပေါင်း လက်နက် ၁၀ လက်လောက် သိမ်းဆည်းရမိတယ်လို့ Karenni’s Voice မှာ ဖော်ပြထားပါတယ်။
မိုးဗြဲဘုရားကျောင်းအနီး စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေဟာ မိုးဗြဲမြို့အတွင်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် မြို့နေလူထုဟာ နေရပ်စွန့်ခွာ တိမ်းရှောင်နေရပါတယ်။
photo-Myanmar Current Affairs