close

မိုးဗြဲတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ခန့်သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းမိ

ရှမ်း-ကယားနယ်စပ်၊ ဖယ်ခုံမြို့နယ်၊ ဝါရီဆူးဖလိုင်ရွာကနေ  မိုးဗြဲမြို့အတွင်း ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် အယောက် ၂၀ သေဆုံးကာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိတယ်လို့ ကာကွယ်ရေးအဖွဲ့က ပြောပါတယ်။

စက်တင်ဘာ ၈ ရက် မနက် ၉ နာရီလောက်က မိုးဗြဲမြို့ပေါ်ရှိ ဘုရားကျောင်းအနီး အင်အား ၄၀၀ လောက်နဲ့ စစ်ကြောင်းထိုးလာတာကြောင့် ခုခံတိုက်ခိုက်ခဲ့တာဖြစ်ပြီး တနေကုန်နီးပါး တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။

မိုးဗြဲ PDF နဲ့ နီးစပ်သူတယောက်က “မနက် ၉ နာရီလောက်က တိုက်ပွဲစဖြစ်တာပါ။ တိုက်ပွဲက တနေကုန်ပါပဲ။ မွန်းလွဲ ၂ နာရီအထိ တော်တော်ပြင်းထန်ပါတယ်။ စစ်ကောင်စီဘက်က အယောက် ၂၀ ထက်နည်း သေဆုံးတယ်လို့ ပြောလို့ရတယ်။ စစ်ကောင်စီဘက်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး လက်နက်ငယ်တွေကြောင့် ရဲဘော်တချို့ ထိခိုက်ဒဏ်ရာ ရထားပြီး အရပ်သားနေအိမ် ပျက်စီးတာ၊ အရပ်သားပြည်သူတချို့ သေဆုံးမှုရှိတယ်။ စစ်တပ်က ဖမ်းဆီးသတ်ဖြတ်တာလား၊ နှိပ်စက်ခဲ့တာလား အတည်ပြုလို့ မရသေးဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။

အဲဒီတိုက်ပွဲကို မိုးဗြဲ PDF၊ KA၊ KNDF၊ KRU နဲ့ URF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာဖြစ်ပြီး တိုက်ပွဲအတွင်း ရဲဘော်တချို့ သေနတ်ထိမှန် (မစိုးရိမ်ရ) ဒဏ်ရာရခဲ့တာကြောင့် ဆေးဝါးကုသမှု ပေးထားတယ်လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း ငါးကြင်းမြီး ၁ လက်၊ စက်ကလေး ၃ လက်၊ RPG ၁ လက် အပါအဝင် စုစုပေါင်း လက်နက် ၁၀ လက်လောက် သိမ်းဆည်းရမိတယ်လို့ Karenni’s Voice မှာ ဖော်ပြထားပါတယ်။

မိုးဗြဲဘုရားကျောင်းအနီး စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေဟာ မိုးဗြဲမြို့အတွင်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် မြို့နေလူထုဟာ နေရပ်စွန့်ခွာ တိမ်းရှောင်နေရပါတယ်။

photo-Myanmar Current Affairs

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up