ပါကစ္စတန်နိုင်ငံရဲ့ မြို့တော်အစ္စလာမ္မာဘတ်တဝန်းမှာ ဖုန်မုန်တိုင်းတခု မေ ၁၇ ရက်က တိုက်ခတ်ခဲ့ပြီး မိုးရွာခဲ့လို့ စံချိန်တင် အပူလှိုင်းဒဏ်ကနေ ခဏတာ သက်သာခဲ့ပါတယ်။
မုန်တိုင်းကြောင့် လေပြင်းတွေတိုက်ခဲ့လို့ အပူချိန်ဟာ ၄ ဒီဂရီ ဆဲလ်စီးယပ်စ်ထိ ကျဆင်းခဲ့တယ်လို့ မိုးလေဝသ ပညာရှင်တွေက ကြေညာပါတယ်။
ဒါပေမဲ့ မေ ၁၈ ရက်မှာ အပူချိန်ဟာ ၃၉ ကနေ ၄၁ ဒီဂရီ ဆဲလ်စီးယပ်စ်ထိ ပြန်တက်လာနိုင်တယ်လို့လည်း မိုးလေဝသဌာနက ထုတ်ပြန်ထားပါတယ်။
ပါကစ္စတန်ဟာ ၆၁ နှစ်အတွင်း အပူဆုံး မတ်လကို ရင်ဆိုင်ခဲ့အပြီး နိုင်ငံအစိတ်အပိုင်း အတော်များများမှာ အပူချိန် ၄၇ ဒီဂရီ ဆဲလ်စီးယပ်စ်ရှိတဲ့ အပူလှိုင်း ဖြတ်သန်းနေပါတယ်။
တောင်အာရှဒေသမှာ အပူနဲ့ပတ်သက်တဲ့ သက်ရောက်မှုတွေကို ပြည်သူ သန်း ၁၀၀၀ ကျော် ခံစားနေရတယ်လို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။
ဆယ်စုနှစ်တွေအတွင်း ပထမဆုံးအနေနဲ့ ပါကစ္စတန်မှာ ဆောင်းရာသီကနေ နွေရာသီကို တန်းရောက်ခဲ့ပြီး နွေဦးရာသီ ပျောက်ဆုံးခဲ့တယ်လို့ အရာရှိတွေက ပြောပါတယ်။
မွန်ပြည်နယ် ရေးမြို့နယ်မှ အချိန်အခါမဟုတ် မိုးရွာသွန်းခဲ့တာကြောင့် ဆားကွင်း ဒါဇင်နဲ့ချီ ပျက်စီးခဲ့ပြီး ဆားလုပ်ငန်းရှင်တွေ ကျပ်သိန်း ရာချီ နစ်နာဆုံးရှုံးခဲ့တယ်လို့ ဒေသခံလုပ်ငန်းရှင်တွေက ပြောပါတယ်။
“အခုလို ရာသီဥတု မိုးဒဏ်ခံရတော့ ဆားကွင်းရှိတဲ့ နေရာတွေမှာက ပင်လယ်ရေ ရှိတယ်။ ကွင်းထဲ မိုးရေပါ ဝင်ပြန်တော့ ဆားကွင်းက ဘာမှလုပ်လို့မရတဲ့အခါ ဆားတွေမရတော့ လုပ်အားခတွေ သယ်ယူစရိတ်တွေကအစ ဆုံးရှုံးနစ်နာသွားတယ်” လို့ ဆားလုပ်ငန်း လုပ်ကိုင်သူတဦးက ပြောပါတယ်။
မြန်မာနိုင်ငံအောက်ပိုင်း နေရာဒေသတွေမှာ အခုရက်ပိုင်း မိုးလေကြီးနိုင်တယ်လို့ မိုးဇလဗေဒက သတိပေးထုတ်ပြန်ထားပါတယ်။
မိုးရွာသွန်းမှုကြောင့် ဆားကွင်းအများစု ပျက်စီးခဲ့သလို ရာသီဥတုအခြေအနေအရ လုပ်ငန်းက ပြန်ပြီး အချိန်မီမလုပ်နိုင်ပါက ဆားကုန်ကြမ်းမရဘဲ ဆားထွက်ရှိမှုပါ ကျဆင်းလာနိုင်သလို ဈေးနှုန်းလည်း ပြောင်းလဲသွားနိုင်တယ်လို့ ဆိုပါတယ်။
စစ်တပ် အာဏာသိမ်းပြီးတဲ့နောက် စက်သုံးဆီဈေးနှုန်း မြင့်တက်လာတာနဲ့အမျှ တခြား ကုန်ကျစရိတ် ကြီးမြင့်တဲ့အခါမှာ ဈေးကွက်ပါ ထိခိုက်လာနိုင်တယ်လို့ ဆားလုပ်ကိုင်သူတဦးက ပြောပါတယ်။
နေလှန်းဆားကို ရေးမြို့နယ်အပြင် သံဖြူဇရပ်၊ ပေါင်တို့မှာ အဓိကထုတ်လုပ်နေတာ ဖြစ်ပြီး နှစ်စဉ် ဆားတန်ချိန် သောင်းနဲ့ချီထွက်ရှိကာ ထွက်ရှိလာတဲ့ ဆားကုန်ကြမ်းတွေကို ပြည်တွင်းက ပင်လယ်ရေလုပ်ငန်းနဲ့ နေအိမ်တွေမှာ အဓိက သုံးစွဲနေကြပါတယ်။