close

မိုးလေဝသ

close

May 8, 2023

ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ် ရခိုင်ကမ်းရိုးတန်းဘက်သို့ ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်နိုင်

မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန တိုင်းတာချက်အရ မေလ ၈ ရက် ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်းတခု ဖြစ်ပေါ်နိုင်ပြီး အဲဒီ လေဖိအားနည်းရပ်ဝန်းဟာ မေလ ၉ ရက်မှာ ပိုမိုအားကောင်းကာ မုန်တိုင်းငယ် (Depression) အဖြစ် ရောက်ရှိပြီး မြောက်ဘက်ကို ဆက်ရွေ့သွားမယ်လို့ ခန့်မှန်းထားပါတယ်။

ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းမှာ INVEST-91B (လေဖိအားနည်းရပ်ဝန်း စောင့်ကြည့်ဧရိယာ) တခု ဖြစ်ပေါ်ပြီး လေဖိအားနည်းရပ်ဝန်း ဖြစ်လာပြီးနောက် ‌ေရွ့လျားမယ့် လမ်းကြောင်းဟာ မြောက်ဘက်နဲ့ အနောက်မြောက်ဘက် ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနယ်စပ် ရခိုင်ကမ်းရိုးတန်းဘက် ဝင်ရောက်နိုင်တယ်လို့ မိုးလေဝသပညာရှင်တွေက ခန့်မှန်း ပြောဆိုပါတယ်။

မိုးလေဝသဆိုင်ရာ သုတေသီ ဦးဝင်းနိုင်က “ဘာကြိုပြီး ပြင်ဆင်ထားသင့်လဲဆိုတော့ မုန်တိုင်းဖြစ်လာမယ့်အချိန်နဲ့ ကုန်တွင်းဝင်မယ့်အချိန် ခန့်မှန်းထားတာက ၁၅ ရက်နေ့လောက် ကုန်းတွင်းဝင်မယ်လို့ ခန့်မှန်းထားတာ။ အဲ့တော့ ၁၂ ရက်နေ့လောက်ဆို ကုန်းနဲ့ ကမ်းခြေနဲ့ တော်တော်နီးစပ်မယ်။ နီးစပ်တဲ့နေရာကို ရောက်မယ်။ သို့သော် မြန်မာပြည်ဘက်ကို လာမှာလား၊ ဘင်္ဂလားဒေ့ရှ်ဘက်ကို သွားမှာလားဆိုတာ အခုထိ မသေချာသေးဘူး။ မြန်မာပြည်ဘက်ကိုဆိုတာ ရခိုင်ကမ်းရိုးတန်းရှိမယ်။ ဧရာဝတီမြစ်ဝကျွန်းပေါ် ကမ်းရိုးတန်းရှိမယ်။ အဲ့ ၂ နေရာကတော့ ဝင်မယ်ဆို ဖြစ်နိုင်ချေ အများဆုံးနေရာပေါ့။ အဲ့တော့ ဘယ်ဘက်ကိုပဲ လာလာပေါ့။ ဘင်္ဂလားဒေ့ရှ်ကိုပဲသွားသွား ကျနော်တို့က ညာဘက်အခြမ်းမှာ ရှိတဲ့အတွက် မုန်တိုင်းရဲ့ ပြင်းအားသက်ရောက်မှုက ရှိတယ်။ မုန်တိုင်း ဘယ်လောက်ပြင်းသလဲဆိုတာပေါ် မူတည်တယ်။ အဲဒီ့အတွက်ကို ဘာပဲပြောပြော ကျနော်တို့ မုန်တိုင်းတလုံး ဖြစ်လာရင် ကြိုတင်ပြင်ဆင်ဖို့ အချက်တွေ အများကြီးရှိတယ်။ အဲဒီဟာကို ပြည်သူတွေအနေနဲ့ ပြင်ဆင်ထားဖို့ လိုတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

မုန်တိုင်းအရှိန်ကြောင့် မိုးသက်လေပြင်း ကျရောက်နိုင်ပြီး မိုးများနိုင်တဲ့အတွက် ရေကြီးတဲ့ နေရာတွေ ရှောင်ရှားဖို့၊ မြစ်ချောင်း အင်းအိုင်တွေနား မနေဖို့နဲ့ ကုန်းမြင့်တဲ့နေရာတွေ ရွှေ့ပြောင်းဖို့ မိုးလေဝသ ပညာရှင်တယောက်က သတိပေး ပြောဆိုပါတယ်။

“ဆောင်ရန် ရှောင်ရန်ကတော့ လေပြင်းတိုက်နေတဲ့အချိန် မိုးကလည်းသည်းမယ်။ မိုးများမယ်။ ဧရာဝတီမြစ်ဝကျွန်းပေါ် ကမ်းရိုးတန်းတလျှောက်ဆို မိုးရေချိန် ၈ လက်မ ၉ လက်မကနေ ၁၀ လက်မလောက်အထိ သွားမယ်။ မီလီမီတာဆို ၅၀၀ ကျော်လောက်ထိ သွားနိုင်တယ်။ မိုးများမယ်။ ရေကြီး ရေလွှမ်းတာတွေ ဖြစ်မယ်။ မြစ်တွေချောင်းတွေနားမှာ မနေသင့်ဘူး။ ကုန်းမြင့်တဲ့နေရာကို ရှာပြီး နေသင့်တယ်။ လေကွယ်တဲ့ဘက်ကို နေသင့်တယ်။ ကုန်းမြင့်ဆိုပြီး တောင်ထိပ်လိုမျိုး တက်နေလို့ မရဘူး။ ရခိုင်ရိုးမတို့ဘာတို့ ထိပ်ဖျားသွားနေလို့ မရဘူး။ မြင့်လေ လေတိုက်နှုန်းပြင်းလေ ဖြစ်မှာပေါ့လေ။ အဲ့တော့ အရေးကြီးတာတော့ မြေမြင့်တဲ့ဘက်ကို ရွှေ့သင့်တာလို့ လောလောဆယ် သတိပေးချင်တာပေါ့။”

ရခိုင်ပြည်နယ်ဘက်မှာတော့ လက်ရှိ မုန်တိုင်းနဲ့ ပတ်သက်လို့ ထူးထူးခြားခြား လိုက်လံဆော်ဩတာ နှိုးဆော်တာ မရှိသေးဘဲ လှေလုပ်သားတွေကတော့ ပင်လယ်ဘက် မထွက်ကြတော့ဘူးလို့ ဒေသခံ စက်လှေသမားတယောက်က ပြောပါတယ်။

“တာဝန်ရှိသူတဲ့သူတွေကတော့ ကြေညာတာ မတွေ့သေးဘူး။ ဒီကလူတွေကတော့ ပြင်ဆင်မှု နည်းပါတယ်။ တအားကြီး ပြင်ဆင်တာတော့ မရှိဘူး။ မုန်တိုင်းလာမယ်တော့ ပြောနေကြတယ်။ စိုးရိမ်ကြတယ်ဆိုပေမဲ့လည်း တအားကြီးကြောက်ပြီး ဟိုပြေးဒီပြေးတာတော့ မရှိဘူး။ စိုးရိမ်ရတယ် မုန်တိုင်းလာတော့မယ်ပေါ့။ လှေလုပ်သားတွေတော့ လှေတွေကို နေရာချထားတယ်။ ချောင်းထဲမြစ်တွေထဲ ချထားတယ်။ လေဝင်လို့မရတဲ့ နေရာပေါ့။ ပင်လယ်ကမ်းနားမှာတော့ မချထားကြဘူး။ ပင်လယ်ကို မထွက်ကြတော့ဘူး။ ပင်လယ်မှာ ရှိနေတဲ့သူတွေလည်း ဝင်လာကြပြီ။ ကာကွယ်မှုဆိုတာ နည်းပါတယ်။ လူတွေက အဆင်ပြေတဲ့သူက တယောက်နှစ်ယောက်နဲ့ မပြေတဲ့သူက အများအပြား ရှိတာကိုး။ အစိုးရအနေနဲ့တော့ ကာကွယ်မှုလုပ်ဆောင်တာတော့ ဘာမှမရှိသေးပါဘူး။”

စစ်ကောင်စီလက်အောက်ခံ သတင်းမီဒီယာတွေမှာတော့ မုန်တိုင်းနဲ့ပတ်သက်လို့ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ်တို့မှာ ကြိုတင်ပြင်ဆင်ထားတာ ရှိတယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဖြေကြားထားပါတယ်။ မုန်တိုင်းခိုဖို့ ဧရာဝတီတိုင်းထဲမှာ ဆိုင်ကလုန်း Shelter ၄၇ ခုနဲ့ မုန်တိုင်းဒဏ်ခံ အဆောက်အအုံ ၁၁၈ ခုထိရှိပြီး ရခိုင်ပြည်နယ်ထဲမှာ နားခိုရာအဆောက်အအုံ ၅၄ လုံးရှိတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

မုန်တိုင်းဝင်ပြီးနောက် ကုန်းတွင်းမုန်တိုင်းအနေနဲ့ ကုန်တွင်း လေဖိအားနည်းရပ်ဝန်း ဆက်ရှိနိုင်ပြီး နေပြည်တော်ကိုဖြတ်ကာ မေလ ၁၅ ရက် နေ့လယ် ၁၂ နာရီလောက် ရှမ်းပြည်နယ်အရှေ့ပိုင်း နမ့်စမ်ဘက်မှာ အားပျော့ ပျက်ပြယ်သွားမယ်လို့ မိုးလေဝသ ပညာရှင်တွေက ခန့်မှန်းထားပါတယ်။

11 hours Ago

May 2, 2023

မုတ်သုံရာသီ မိုးလေဝသအခြေအနေ ကမောက်ကမ ဖြစ်စဉ်များ ဖြစ်ပေါ်နိုင်

အခု ၂၀၂၃ ခုနှစ် မုတ်သုံရာသီအတွက် မိုးလေဝသအခြေအနေတွေဟာ ပုံမှန်လမ်း ကြောင်းတွေကနေ သွေဖီပြီးတော့ ကမောက်ကမ ဖြစ်စဉ်တွေနဲ့ ဒွန်တွဲ ဖြစ်ပေါ်လာနိုင်ခြေ ရှိနေတယ်လို့အမျိုးသားညီညွတ်ရေး အစိုးရ (NUG) လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ခန့်မှန်းထုတ်ပြန်ပါတယ်။

မေ ၁ ရက်ကနေ ၇ ရက်အထိ ရက်သတ္တပတ် မိုးလေဝသခန့်မှန်းချက် ထုတ်ပြန်ထားတာ ဖြစ်ပြီး အခုတပတ်မှာတော့ အပူချိန်ပေါ်မူတည်ကာ လေတိုက်ခတ်မှု ပုံစံတွေ စတင်ပြောင်းလဲလာနိုင်ပြီး မြန်မာနိုင်ငံဒေသ အတော်များများမှာ ချိန်ခါမဟုတ် ပျံကျမိုးတွေ ထစ်ချုန်းရွာလာနိုင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မိုးရွာသွန်းမှုပေါ် မူတည်ပြီးတော့လည်း မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွေမှာ နေ့အပူချိန်တွေ အတက်အကျ အပြောင်းအလဲ ဖြစ်လာနိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။

လာမယ့် ရက်သတ္တပတ် မေ ၈ ရက်ကနေ ၁၄ ရက်အတွင်းကာလတွေမှာတော့ ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်း တခုဖြစ်လာနိုင်ပြီး  မုန်တိုင်းငယ် အဆင့်ကို ရောက်ရှိလာနိုင်ခြေရှိနေတယ်လို့ ခန့်မှန်းထားပါတယ်။

7 days Ago
Up