မုတ်သုံရာသီ မိုးလေဝသအခြေအနေ ကမောက်ကမ ဖြစ်စဉ်များ ဖြစ်ပေါ်နိုင်

အခု ၂၀၂၃ ခုနှစ် မုတ်သုံရာသီအတွက် မိုးလေဝသအခြေအနေတွေဟာ ပုံမှန်လမ်း ကြောင်းတွေကနေ သွေဖီပြီးတော့ ကမောက်ကမ ဖြစ်စဉ်တွေနဲ့ ဒွန်တွဲ ဖြစ်ပေါ်လာနိုင်ခြေ ရှိနေတယ်လို့အမျိုးသားညီညွတ်ရေး အစိုးရ (NUG) လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ခန့်မှန်းထုတ်ပြန်ပါတယ်။
မေ ၁ ရက်ကနေ ၇ ရက်အထိ ရက်သတ္တပတ် မိုးလေဝသခန့်မှန်းချက် ထုတ်ပြန်ထားတာ ဖြစ်ပြီး အခုတပတ်မှာတော့ အပူချိန်ပေါ်မူတည်ကာ လေတိုက်ခတ်မှု ပုံစံတွေ စတင်ပြောင်းလဲလာနိုင်ပြီး မြန်မာနိုင်ငံဒေသ အတော်များများမှာ ချိန်ခါမဟုတ် ပျံကျမိုးတွေ ထစ်ချုန်းရွာလာနိုင်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မိုးရွာသွန်းမှုပေါ် မူတည်ပြီးတော့လည်း မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွေမှာ နေ့အပူချိန်တွေ အတက်အကျ အပြောင်းအလဲ ဖြစ်လာနိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။
လာမယ့် ရက်သတ္တပတ် မေ ၈ ရက်ကနေ ၁၄ ရက်အတွင်းကာလတွေမှာတော့ ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်း တခုဖြစ်လာနိုင်ပြီး မုန်တိုင်းငယ် အဆင့်ကို ရောက်ရှိလာနိုင်ခြေရှိနေတယ်လို့ ခန့်မှန်းထားပါတယ်။