စပိန်စစ်တပ် အရေးပေါ်တပ်ဖွဲ့ဝင်တွေဟာ လာပယ်မာကျွန်းပေါ်က ကမ်ဘရေဗေးဂျာ မီးတောင် ပတ်လည်မှာ လေထုအရည်အသွေးကို နိုဝင်ဘာ ၃၀ ရက်က စောင့်ကြည့်နေပါတယ်။
မီးတောင်က ၇၂ ရက်မြောက် ဆက်လက် ပေါက်ကွဲနေတာဖြစ်ပြီး မီးတောင်ကနေ စီးထွက်လာတဲ့ ချော်ရည်တွေဟာ နိုဝင်ဘာ ၃၀ ရက်မှာ ပိုများတဲ့အိမ်တွေကို ဖျက်ဆီးခဲ့ပါတယ်။
လေထုထဲက အဆိပ်ဓာတ်ငွေ့သိပ်သည်းဆဟာ မြင့်မားတဲ့အဆင့်မှာ ရှိနေတုန်းပဲလို့ မီးတောင်ကျွန်း အရေးပေါ် စီမံကိန်း အာဏာပိုင်တွေက ပြောပါတယ်။
ကျွန်းရဲ့ ဒေသန္တရအာဏာပိုင်တွေက “ချော်ရည်တွေဟာ ကျွန်းပေါ်က မြေ ၁၁၁၅ ဟက်တာနဲ့ ညီမျှတဲ့ ဧက ၂၇၈၀ ကို ဖုံးလွှမ်းခဲ့ပြီး အဆောက်အအုံ ၂၇၀၀ နီးပါးကို ဖျက်ဆီးခဲ့ပြီးပြီ။ လူထောင်ချီဟာ ကျွန်းပေါ်က သူတို့အိမ်တွေကနေ ဘေးကင်းရာ ရွှေ့ပြောင်းခဲ့ရတယ်”လို့ ပြောပါတယ်။
စက်တင်ဘာ ၁၉ ရက်က စတင်ပေါက်ကွဲခဲ့တဲ့ မီးတောင်ဟာ ခုထိ လှုပ်ရှားနေဆဲဖြစ်ပြီး လျော့သွားမယ့် လက္ခဏာမပြသေးဘူးလို့ ပညာရှင်တွေက ပြောထားပါတယ်။
စပိန်နိုင်ငံ၊ လာပယ်မာကျွန်းပေါ်က ကမ်ဘရေဗေးဂျာမီးတောင်က ဒုတိယတောင်ပူစာ အစိတ်အပိုင်းတခု အောက်တိုဘာ ၂၅ ရက်က ပြိုကျအပြီး ချော်ရည်စီးကြောင်းအသစ်တခု ထွက်လာတယ်လို့ မီးတောင်ဆိုင်ရာ သိပ္ပံပညာရှင်တယောက်က ပြောပါတယ်။
မီးတောင်ပညာရှင် အီသာဟီဇာ ဒိုမင်ဂက်ဇ်က“အောက်တိုဘာ ၂၅ ရက် မနက်အစောပိုင်းက တောင်ပူစာပြိုကျလို့ ချော်ရည်စီးကြောင်း အကြီးကြီးတခု ပန်းထွက်လာတယ်။ ဒါပေမဲ့ နယ်မြေအသစ်တွေအပေါ် သက်ရောက်မလား ဆိုတာ ပြောဖို့ စောသေးတယ်။ မီးတောင်လှုပ်ရှားမှု လျော့လာပုံပြတဲ့ ဘယ်လိုအချက်အလက်မှ မတွေ့သေးဘူး တကယ်လို့ သီတင်းပတ်ချီ ဒါမှမဟုတ် လချီ ဆက်ပေါက်ကွဲနေဦးမလားဆိုတာ ကျနော်တို့ ကြည့်ရမှာပဲ”လို့ ပြောပါတယ်။
မီးတောင်ဟာ ချော်ရည်တွေနဲ့ မီးတွေကို ဒုတိယမြောက်လရဲ့ တနင်္လာနေ့မှာ ပိုများများ ပန်းထုတ်နေပါတယ်။
မီးတောင်က ချော်ရည်တွေဟာ ကျွန်းပေါ်က မြေဧက ၂၂၂၃ ဧကကို ဖုံးလွှမ်းခဲ့ပြီး အဆောက်အအုံ ၂၀၀၀ ကျော်နဲ့ ငှက်ပျောစိုက်ခင်း အများအပြားကို ဖျက်ဆီးခဲ့ပြီးပါပြီ။
ကျွန်းပေါ်က ဒေသခံ ၇၀၀၀ ကျော်လည်း သူတို့အိမ်တွေကနေ ဘေးကင်းရာကို ရွှေ့ပြောင်းခဲ့ရပါတယ်။