close

မီးတောင်

close

April 1, 2023

ကိုလံဘီယာတွင် မီးတောင်ပေါက်ကွဲနိုင်ခြေ လိမ္မော်ရောင်အဆင့် သတိပေး

ကိုလံဘီယာနိုင်ငံက နီဗာဒို ဒလ်ရူးဝဇ် မီးတောင်ဟာ မြေလွှာလှုပ်ခတ်မှု တိုးလာတာကြောင့် လိမ္မော်ရောင်အထိ သတိပေးချက်အဆင့်မြှင့်ထားပြီး လာမယ့်ရက်တွေ ဒါမှမဟုတ် ရက်သတ္တပတ်တွေအတွင်း မီးတောင်ပေါက်ကွဲမှု ဖြစ်နိုင်ခြေပိုများကြောင်း အာဏာပိုင်တွေက အကြံပြုထားပါတယ်။ 

မီးတောင်အလုံးအထည်အတွင်း ကျောက်သား ကွဲအက်ခြင်းနဲ့ဆက်စပ်နေတဲ့ လှုပ်ခတ်မှု သိသိသာသာ တိုးလာတာကို မတ် ၂၄ ရက် ကတည်းက မှတ်တမ်းတင်ထားကြောင်း ကိုလံဘီယာဘူမိဗေဒဌာန (SGC) မှ တာဝန်ရှိသူတဦးက မတ် ၃၁ ရက်မှာ ပြောကြားခဲ့ပါတယ်။ 

“လိမ္မော်ရောင်သတိပေးချက်ဟာ မကြာခင် မီးတောင်ပေါက်ကွဲမယ်လို့ မဆိုလိုပေမယ့် ဖြစ်နိုင်ခြေ ပိုများပြီးတော့ ဘယ်နေ့ ဘယ်အချိန် ဘယ်အရွယ်အစားလောက် ပေါက်ကွဲထွက်မယ်တော့ မသိဘူး” လို့ ကိုလံဘီယာဘူမိဗေဒဌာနရဲ့ ဂျီအိုဟဲဇာ့က ပြောပါတယ်။

နီဗာဒို ဒလ် ရူးဝဇ် မီးတောင်ဟာ ကိုလံဘီယာနိုင်ငံရဲ့ တိုလီမာပြည်နယ်နဲ့ ကဲလ်ဒါ့စ်ပြည်နယ် ၂ ခုကြားမှာ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ စထရာတိုမီးတောင် ခေါ် ချော်ရည်၊ ချော်ပြာ တလှည့်စီ အလွှာလိုက်ပေါင်းစပ်နေတဲ့ မီးတောင်ဖြစ်ပါတယ်။ 

၁၉၈၅ ခုနှစ်က ကိုလံဘီယာနိုင်ငံရဲ့ အကြီးမားဆုံး သဘာဝဘေးအန္တရာယ် ဖြစ်ခဲ့ချိန်က နီဗာဒို ဒလ် ရူးဝဇ် မီးတောင်ပေါက်ကွဲပြီး ရေခဲနဲ့နှင်းတွေ အရည်ပျော်ကာ ရေစီးရေလျှံနဲ့ ကျောက်တုံးတွေ ကွဲထွက်ကုန်တဲ့အပြင် လူပေါင်း ၂ သောင်းခွဲကျော် သေဆုံးခဲ့ပါတယ်။ 

အမေရိကန် စမစ်သ်ဆိုနီယန် အဖွဲ့အစည်းရဲ့ ကမ္ဘာလုံးဆိုင်ရာ မီးတောင်အစီအစဉ် အဆိုအရ ၁၉၈၅ ခုနှစ် မီးတောင်ပေါက်ကွဲမှုဟာ တကြိမ်ပေါက်ကွဲမှုမှာ စံချိန်တင် သေဆုံးမှု စတုတ္တမြောက် အများဆုံး ပေါက်ကွဲမှုဖြစ်ပါတယ်။ 

3 hours Ago

January 6, 2023

ဟာဝိုင်အီကျွန်းပေါ်တွင် မီးတောင်ပေါက်ကွဲ

ဟာဝိုင်အီကျွန်းပေါ်ရှိ ခီလာဝေးယာ မီးတောင်ဟာ ဇန်နဝါရီ ၅ ရက်နေ့က စတင်ပေါက်ကွဲခဲ့တယ်လို့ အမေရိကန် ဘူမိဗေဒဝန်ဆောင်မှုဌာန USGS ရဲ့ မီးတောင်လှုပ်ရှားမှုဆိုင်ရာ သတိပေးချက်အရ သိရပါတယ်။

ဟာဝိုင်အီ အမျိုးသားဥယျာဉ်အတွင်း ကန့်သတ်ထားတဲ့ ဒီမီးတောင်ထိပ်ဝမှာ မီးခိုးမြူတွေ ထွက်ရှိလာပြီး ချော်ရည်ပူတွေနဲ့ တောက်ပနေတာကို တွေ့ခဲ့ရပြီးနောက် အခုလို သတိပေးချက် ထုတ်ပြန်ခဲ့တာပါ။

မီးတောင်ပေါက်ကွဲမှုနဲ့ ဆက်စပ်အန္တရာယ်တွေအပေါ် အကဲဖြတ်ပြီးနောက်မှာ မီးတောင် သတိပေးချက်အဆင့်ကို ‘အနီရောင်’ အဆင့်ထိ တိုးမြှင့်သတ်မှတ်ထားကြောင်း ဆိုပါတယ်။

ဆာလဖာဒိုင်အောက်ဆိုဒ်နဲ့ တခြားဓာတ်ငွေ့တွေ ပါဝင်နေတဲ့ ဒီမီးတောင်ဓာတ်ငွေ့ကနေ  ခီလာဝေးယာ မီးတောင်ရဲ့ လေစုန်အရပ်မှာ တွေ့ရှိရတဲ့ Vog လို့ခေါ်တဲ့ မီးခိုးပွင့်ကြီးတွေကို ထုတ်လွှတ်နိုင်တာကို တွေ့ရတယ်လို့ USGS က ဆိုပါတယ်။

ဒီမြူခိုးမှုန်တွေကြောင့် အဲ့ဒီဒေသခံတွေနဲ့ ဧည့်သည်တွေအတွက် လေထုကြောင့် ကျန်းမာရေး ထိခိုက်စေတတ်ပြီး အသက်ရှူကျပ်ခြင်းနဲ့ စိုက်ပျိုးရေးသီးနှံတွေကို ထိခိုက်နိုင်ခြင်း အလားအလာ ရှိတယ်လို့လည်း ဆိုပါတယ်။

3 months Ago
Up