ဟာဝိုင်အီကျွန်းပေါ်တွင် မီးတောင်ပေါက်ကွဲ

ဟာဝိုင်အီကျွန်းပေါ်ရှိ ခီလာဝေးယာ မီးတောင်ဟာ ဇန်နဝါရီ ၅ ရက်နေ့က စတင်ပေါက်ကွဲခဲ့တယ်လို့ အမေရိကန် ဘူမိဗေဒဝန်ဆောင်မှုဌာန USGS ရဲ့ မီးတောင်လှုပ်ရှားမှုဆိုင်ရာ သတိပေးချက်အရ သိရပါတယ်။
ဟာဝိုင်အီ အမျိုးသားဥယျာဉ်အတွင်း ကန့်သတ်ထားတဲ့ ဒီမီးတောင်ထိပ်ဝမှာ မီးခိုးမြူတွေ ထွက်ရှိလာပြီး ချော်ရည်ပူတွေနဲ့ တောက်ပနေတာကို တွေ့ခဲ့ရပြီးနောက် အခုလို သတိပေးချက် ထုတ်ပြန်ခဲ့တာပါ။
မီးတောင်ပေါက်ကွဲမှုနဲ့ ဆက်စပ်အန္တရာယ်တွေအပေါ် အကဲဖြတ်ပြီးနောက်မှာ မီးတောင် သတိပေးချက်အဆင့်ကို ‘အနီရောင်’ အဆင့်ထိ တိုးမြှင့်သတ်မှတ်ထားကြောင်း ဆိုပါတယ်။
ဆာလဖာဒိုင်အောက်ဆိုဒ်နဲ့ တခြားဓာတ်ငွေ့တွေ ပါဝင်နေတဲ့ ဒီမီးတောင်ဓာတ်ငွေ့ကနေ ခီလာဝေးယာ မီးတောင်ရဲ့ လေစုန်အရပ်မှာ တွေ့ရှိရတဲ့ Vog လို့ခေါ်တဲ့ မီးခိုးပွင့်ကြီးတွေကို ထုတ်လွှတ်နိုင်တာကို တွေ့ရတယ်လို့ USGS က ဆိုပါတယ်။
ဒီမြူခိုးမှုန်တွေကြောင့် အဲ့ဒီဒေသခံတွေနဲ့ ဧည့်သည်တွေအတွက် လေထုကြောင့် ကျန်းမာရေး ထိခိုက်စေတတ်ပြီး အသက်ရှူကျပ်ခြင်းနဲ့ စိုက်ပျိုးရေးသီးနှံတွေကို ထိခိုက်နိုင်ခြင်း အလားအလာ ရှိတယ်လို့လည်း ဆိုပါတယ်။