အမေရိကန်ပြည်ထောင်စုဟာ ၂၀၂၂ ခုနှစ် မေလကတည်းက တရုတ်နဲ့ တခြားနိုင်ငံတွေရဲ့ လေပိုင်နက်အတွင်းကို အမြင့်ပျံမီးပုံးပျံ ၁၀ လုံးကျော် လွှတ်တင်ခဲ့တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၁၄ ရက်မှာ ပြောပါတယ်။
“အမေရိကန်အနေနဲ့ စေ့စေ့စပ်စပ် စုံစမ်းစစ်ဆေးပြီး ဒီကိစ္စနဲ့ပတ်သက်လို့ တရုတ်နိုင်ငံကို ရှင်းပြဖို့ လိုအပ်ပါတယ်” လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝမ်ဘင်က ပေကျင်းမှာ ပုံမှန်ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
အမေရိကန်စစ်တပ်ဟာ ဖေဖော်ဝါရီ ၄ ရက်က တောင်ကယ်ရိုလိုင်းနား ကမ်းရိုးတန်းမှာ တရုတ်သူလျှိုမီးပုံးပျံလို့ ခေါ်တဲ့ အရာဝတ္ထုကို ပစ်ချခဲ့ပါတယ်။ တရုတ်က အဲဒီမီးပုံးပျံဟာ အရပ်ဘက်ဆိုင်ရာ သုတေသနပြုတဲ့ လေသင်္ဘောဖြစ်ပြီး လေကြောင်းမှားပြီးလွင့်သွားတာလို့ ပြောကြားခဲ့ပါတယ်။
ဖေဖော်ဝါရီ ၁၃ ရက်မှာတော့ အမေရိကန်က သူလျှိုပူဖောင်းတွေကို တရုတ်နိုင်ငံကို ပို့လွှတ်ခဲ့ဖူးကြောင်း စွပ်စွဲခဲ့တာပါ။ ဒါကို အမေရိကန်က ငြင်းဆန်ခဲ့ပါတယ်။
အဲဒီအချိန်ကတည်းက အမေရိကန်စစ်တပ်ဟာ မြောက်အမေရိက ဝေဟင်မှာ ပျံသန်းနေတဲ့ တခြားအရာဝတ္ထု ၃ ခုကို ပစ်ချခဲ့ပါတယ်။ လောလောလတ်လတ် ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၂ ရက်က ဟူရွန်ရေကန်ကြီးပေါ်ကို ၈ ထောင့်ပုံ အဋ္ဌဂံပုံအရာဝတ္ထုတခု ပြုတ်ကျခဲ့သေးကြောင်း ပင်တဂွန်က ပြောပါတယ်။
ဩစတြေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့မှာ ခရီးသည် ၁၂ ယောက်ပါတဲ့ မီးပုံးပျံ တစီး ပွဲဦးထွက် ပျံသန်းနေရင်း ဧပြီ ၂၀ ရက် မနက်က တိုက်ခန်းတွဲပေါ်ကို ပျက်ကျခဲ့ပါတယ်။
ချို့ယွင်းမှုကြောင့် မောင်းနှင်သူက ကြိုးစားထိန်းကျောင်းပြီး မီးပုံးပျံဟာ အရေးပေါ် ဆင်းသက်ခဲ့ရကာ ဒဏ်ရာရသူ မရှိခဲ့ဘူးလို့ ဒေသခံ မီဒီယာက ပြောပါတယ်။
မဲလ်ဘုန်းမြို့တောင်ပိုင်း ဆင်ခြေဖုံးက အယ်လ်ဝုဒ်ရပ်ကွက်ထဲမှာ မီးပုံးပျံဟာ လျှပ်စစ်ဓာတ်အားလိုင်းနဲ့ သီသီလေး ကပ်လွဲ သွားခဲ့တာပါ။
မီးပုံးပျံ ပျက်ကျရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးမယ်လို့ ဩစတြေးလျ သယ်ယူပို့ဆောင်မှု ဘေးကင်းရေးဗျူရို (ATSB)က ပြောပါတယ်။