close

မီးရထားသပိတ်

close

October 9, 2022

ဗြိတိန်နိုင်ငံတဝန်း မီးရထားသပိတ် ဆင်နွှဲ

ဗြိတိန်နိုင်ငံက မီးရထားအလုပ်သမားများသမဂ္ဂဟာ အောက်တိုဘာ ၈ ရက်နေ့က နိုင်ငံတဝန်း မီးရထား သပိတ်ပွဲ နောက်ထပ် တရက် ဆင်နွှဲခဲ့ပါတယ်။

အလုပ်သမား အယောက် လေးသောင်းလောက် အလုပ်ကနေ နုတ်ထွက်ခဲ့တာပါ။ လူနေမှုစရိတ် အကျပ်အတည်းကြောင့် လုပ်ငန်းခွင်ထဲက မိသားစုတွေမှာ ဖိအားတွေ များလာတဲ့အတွက် လစာတိုးဖို့နဲ့ လုပ်ငန်းခွင် အခြေအနေတွေ တိုးတက်ကောင်းမွန်လာစေဖို့ သပိတ်မှောက် နေကြတာပါ။ 

မနေ့က သပိတ်ဟာ ဆယ်ရက်အတွင်း တတိယမြောက်ဖြစ်ပြီး သပိတ်လှုပ်ရှားမှုအတွင်း လမ်းပိတ်ဆို့မှု မဖြစ်စေဖို့ ခရီးသွားတွေ အိမ်မှာသာနေဖို့ သတိပေးချက် ထုတ်ပြန်ထားပြီး နိုင်ငံတဝန်း ရထားဝန်ဆောင်မှုတွေရဲ့ ၈၀  ရာခိုင်နှုန်းလောက်ကို ပိတ်ထားခဲ့ပါတယ်။ 

လစာနဲ့ လုပ်ငန်းခွင် အခြေအနေတွေကြောင့် ညှိနှိုင်းမှုတွေ အကြိမ်ကြိမ်ပျက်ပြားသွားလို့ မီးရထား အလုပ်သမားသမဂ္ဂတွေက ဇွန်လမှာစပြီး သပိတ်မှောက်ခဲ့ပါတယ်။ 

ဆရာမတွေနဲ့ သူနာပြုတွေရဲ့ သမဂ္ဂတွေဟာလည်း သပိတ်မှောက်ဖို့ အဖွဲ့ဝင်တွေကို မဲထည့်နေချိန်မှာ ဆက်သွယ်ရေး လုပ်သားတွေနဲ့ စာပို့သမားတွေက အောက်တိုဘာနဲ့ နိုဝင်ဘာမှာ သပိတ်မှောက်ဖို့ ထပ်မံကြေညာခဲ့ကြပါတယ်။

အလားတူ သပိတ်မှောက်ဖို့ နောက်ထပ် အလုပ်သမားသမဂ္ဂတွေက စီစဉ်နေသလို တချို့က စီစဉ်ဖို့ လုပ်နေကြတယ်လို့ ရိုက်တာ သတင်းဌာနက အစီရင်ခံပါတယ်။

ယူကေက အလုပ်သမားအများအပြားရဲ့ လုပ်ခလစာဟာ နှစ်ပေါင်း များစွာ ရပ်တန့်နေပြီး မကြာသေးမီက ငွေကြေးဖောင်းပွမှုနှုန်းဟာ နှစ် ၄၀ အတွင်း အမြင့်ဆုံး ဖြစ်လာခဲ့လို့ မကြုံဖူးတဲ့ နေထိုင်မှုစရိတ်စက အကျပ်အတည်းကို ဖန်တီးနေပါတယ်။ 

ငွေကြေး ဖောင်းပွမှုကို ထိန်းချုပ်ဖို့ ထိရောက်တဲ့ အစီအမံတွေ ဆောင်ရွက်ရေး ဗြိတိန်အစိုးရအပေါ် ဖိအားတွေ တိုးလာနေပါတယ်။

အစိုးရက ချေးငွေကုန်ကျစရိတ်ကို တိုးမြှင့်ပေးပြီး အတိုးနှုန်းကို မြှင့်တင်ပေးထားပါတယ်။ အထွေထွေရွေးကောက်ပွဲကျင်းပဖို့ တောင်းဆိုတဲ့ အွန်လိုင်းအသနားခံစာတစောင်ကို လူပေါင်း ငါးသိန်းခုနှစ်သောင်းကျော် လက်မှတ်ရေးထိုးခဲ့ပြီး နှစ်ပေါင်းများစွာအတွင်း အာဏာရ ကွန်ဆာဗေးတစ်ပါတီကို  အတိုက်အခံ လေဘာပါတီက အကြီးမားဆုံး မဲအရေအတွက်နဲ့  ဦးဆောင်ခဲ့ပါတယ်။ 

11 mins Ago

September 16, 2022

မီးရထားသပိတ်ကို ရှောင်နိုင်ရန် သမ္မတဘိုင်ဒင်အစိုးရက အလုပ်သမားသမဂ္ဂများနှင့် ဆွေးနွေး

အမေရိကန်ပြည်ထောင်စုမှာ သမ္မတဘိုင်ဒင်အစိုးရဟာ သောကြာနေ့ မီးရထားသပိတ်မှောက်မှုကို ရှောင်ရှားနိုင်ဖို့ အရေးပေါ် အလုပ်သမားစာချုပ်ဆွေးနွေးပွဲတွေကို  လုပ်ဆောင်နေပါတယ်။

ရီပတ်ဘလီကန် အထက်လွှတ်တော်အမတ်တွေကလည်း သမ္မတရဲ့ အရေးပေါ်ဘုတ်အဖွဲ့က အကြံပြုချက်တွေကို အတည်ပြုပေးဖို့ ဆုံးဖြတ်ချက်တစောင်ကို စက်တင်ဘာ ၁၄ ရက်မှာ တင်သွင်းခဲ့ပါတယ်။

အမေရိကန် အလုပ်သမားရေးရာဝန်ကြီး  မာတီဝဲလ်ရှ်ဟာ သောကြာနေ့အစောပိုင်းမှာ ပြုလုပ်ဖို့ ရည်ရွယ်ထားကြတဲ့ ရထားသပိတ်နဲ့ပတ်သက်ပြီး ရထားလမ်းပိုင်းနဲ့ သမဂ္ဂတာဝန်ရှိသူတွေကို ဗုဒ္ဓဟူးနေ့က ဝါရှင်တန်မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

မီးရထားဝန်ထမ်းတွေဘက်က လုပ်ခလစာငွေကြေးနဲ့ လုပ်ငန်းခွင်အခြေအနေတွေကို တင်ပြထားပါတယ်။

ရထားလမ်းတွေကို သိသိသာသာ ဝင်ငွေတိုးပေးထားပြီး ရထားဝန်ထမ်းပေါင်း ၁၁၅,၀၀၀ ထဲက တဝက်လောက်ကို ညှိနှိုင်းကြည့်လို့ ရထားပါတယ်။ ကျန်တဝက် အလုပ်သမား ၆၀၀၀၀ လောက်ကို ကိုယ်စားပြုတဲ့ သမဂ္ဂ ၁၂ ခုထဲက လက်ကျန်သမဂ္ဂ ၃ ခုကတော့ ပိုကောင်းမွန်တဲ့ လုပ်ငန်းခွင်အခြေအနေတွေကို ရရှိဖို့ စောင့်ဆိုင်းနေကြပါတယ်။

ယူနီယံပစိဖိတ်၊ ဘာ့ခ်ရှိုင်းယား ဟာသာဝေးရဲ့ BNSF နဲ့ နော်ဖို့ခ်တောင်ပိုင်း အပါအဝင် ရထားလမ်းကြောင်း ကုမ္ပဏီတွေဟာ ကုန်စည်ပို့ဆောင်ရေးနဲ့ Amtrak သယ်ယူပို့ဆောင်ရေးမှာ ထိခိုက်စေမယ့် လုပ်ငန်းခွင်ရပ်နားခြင်း မပြုသေးခင်မှာ သဘောတူညီချက်တွေရရှိဖို့ သန်းခေါင်ကျော်လို့ တမိနစ် သောကြာနေ့ရောက်ချိန်အထိ စောင့်ဆိုင်းနေမှာ ဖြစ်ပါတယ်။

ဆွေးနွေးပွဲတွေ ဆက်လုပ်နေချိန်မှာ အငြင်းပွားမှုထဲမှာပါဝင်တဲ့ အသေးစား ရထားသမဂ္ဂတွေထဲက တခုက အပေးအယူတခုကို ပယ်ချခဲ့ပြီး Amtrak ကလည်း ခရီးဝေးခရီးသည် ခရီးစဉ်တွေကို ဖျက်သိမ်းခဲ့ပါတယ်။

ရထားလမ်း မပြေးဆွဲဖြစ်ရင် အမေရိကန် ကုန်ပစ္စည်းတင်ပို့မှုရဲ့ ၃၀ ရာခိုင်နှုန်းလောက် ပိတ်ဆို့သွားစေမှာဖြစ်ပြီး ငွေကြေးဖောင်းပွမှုကြောင့် အမေရိကန်စီးပွားရေးမှာ တရက်ကို ဒေါ်လာ ၂ ဘီလီယံလောက် ကုန်ကျစေမှာဖြစ်တဲ့အပြင် အမေရိကန်ရဲ့ စွမ်းအင်၊ စိုက်ပျိုးရေး၊ ထုတ်လုပ်မှုနဲ့ လက်လီရောင်းချတဲ့ ကဏ္ဍတွေကိုပါ ထိခိုက်စေတဲ့ သယ်ယူပို့ဆောင်ရေး မပြေလည်မှုတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။

သမ္မတ ဂျိုးဘိုင်ဒင်ရဲ့ အစိုးရအဖွဲ့ကတော့ ရထားလမ်းတွေ ပိတ်သွားခဲ့ရင် အရေးကြီးတဲ့ ကုန်ပစ္စည်းတွေ ပို့ဆောင်မှုအတွက် အရေးပေါ်အစီအစဉ်တွေကို စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း ပြောပါတယ်။

3 weeks Ago
Up