close

ဗြိတိန်နိုင်ငံတဝန်း မီးရထားသပိတ် ဆင်နွှဲ

ဗြိတိန်နိုင်ငံက မီးရထားအလုပ်သမားများသမဂ္ဂဟာ အောက်တိုဘာ ၈ ရက်နေ့က နိုင်ငံတဝန်း မီးရထား သပိတ်ပွဲ နောက်ထပ် တရက် ဆင်နွှဲခဲ့ပါတယ်။

အလုပ်သမား အယောက် လေးသောင်းလောက် အလုပ်ကနေ နုတ်ထွက်ခဲ့တာပါ။ လူနေမှုစရိတ် အကျပ်အတည်းကြောင့် လုပ်ငန်းခွင်ထဲက မိသားစုတွေမှာ ဖိအားတွေ များလာတဲ့အတွက် လစာတိုးဖို့နဲ့ လုပ်ငန်းခွင် အခြေအနေတွေ တိုးတက်ကောင်းမွန်လာစေဖို့ သပိတ်မှောက် နေကြတာပါ။ 

မနေ့က သပိတ်ဟာ ဆယ်ရက်အတွင်း တတိယမြောက်ဖြစ်ပြီး သပိတ်လှုပ်ရှားမှုအတွင်း လမ်းပိတ်ဆို့မှု မဖြစ်စေဖို့ ခရီးသွားတွေ အိမ်မှာသာနေဖို့ သတိပေးချက် ထုတ်ပြန်ထားပြီး နိုင်ငံတဝန်း ရထားဝန်ဆောင်မှုတွေရဲ့ ၈၀  ရာခိုင်နှုန်းလောက်ကို ပိတ်ထားခဲ့ပါတယ်။ 

လစာနဲ့ လုပ်ငန်းခွင် အခြေအနေတွေကြောင့် ညှိနှိုင်းမှုတွေ အကြိမ်ကြိမ်ပျက်ပြားသွားလို့ မီးရထား အလုပ်သမားသမဂ္ဂတွေက ဇွန်လမှာစပြီး သပိတ်မှောက်ခဲ့ပါတယ်။ 

ဆရာမတွေနဲ့ သူနာပြုတွေရဲ့ သမဂ္ဂတွေဟာလည်း သပိတ်မှောက်ဖို့ အဖွဲ့ဝင်တွေကို မဲထည့်နေချိန်မှာ ဆက်သွယ်ရေး လုပ်သားတွေနဲ့ စာပို့သမားတွေက အောက်တိုဘာနဲ့ နိုဝင်ဘာမှာ သပိတ်မှောက်ဖို့ ထပ်မံကြေညာခဲ့ကြပါတယ်။

အလားတူ သပိတ်မှောက်ဖို့ နောက်ထပ် အလုပ်သမားသမဂ္ဂတွေက စီစဉ်နေသလို တချို့က စီစဉ်ဖို့ လုပ်နေကြတယ်လို့ ရိုက်တာ သတင်းဌာနက အစီရင်ခံပါတယ်။

ယူကေက အလုပ်သမားအများအပြားရဲ့ လုပ်ခလစာဟာ နှစ်ပေါင်း များစွာ ရပ်တန့်နေပြီး မကြာသေးမီက ငွေကြေးဖောင်းပွမှုနှုန်းဟာ နှစ် ၄၀ အတွင်း အမြင့်ဆုံး ဖြစ်လာခဲ့လို့ မကြုံဖူးတဲ့ နေထိုင်မှုစရိတ်စက အကျပ်အတည်းကို ဖန်တီးနေပါတယ်။ 

ငွေကြေး ဖောင်းပွမှုကို ထိန်းချုပ်ဖို့ ထိရောက်တဲ့ အစီအမံတွေ ဆောင်ရွက်ရေး ဗြိတိန်အစိုးရအပေါ် ဖိအားတွေ တိုးလာနေပါတယ်။

အစိုးရက ချေးငွေကုန်ကျစရိတ်ကို တိုးမြှင့်ပေးပြီး အတိုးနှုန်းကို မြှင့်တင်ပေးထားပါတယ်။ အထွေထွေရွေးကောက်ပွဲကျင်းပဖို့ တောင်းဆိုတဲ့ အွန်လိုင်းအသနားခံစာတစောင်ကို လူပေါင်း ငါးသိန်းခုနှစ်သောင်းကျော် လက်မှတ်ရေးထိုးခဲ့ပြီး နှစ်ပေါင်းများစွာအတွင်း အာဏာရ ကွန်ဆာဗေးတစ်ပါတီကို  အတိုက်အခံ လေဘာပါတီက အကြီးမားဆုံး မဲအရေအတွက်နဲ့  ဦးဆောင်ခဲ့ပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up