ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာနဲ့ အင်းစိန်မြို့နယ်တိုက မီတာမဆောင်တဲ့ နေအိမ်တွေကို စစ်ကောင်စီ အရပ်ဝတ်အင်အားအများအပြားက နိုဝင်ဘာ ၁၁ ရက်မနက်ပိုင်းကစတင်ပြီး မီးလိုက်ဖြတ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။
“အင်းစိန်၊ ပေါက်တောဝ၊ မုဒိတာအိမ်ရာတွေမှာ၊ ဒီနေ့ တစ်မနက်လုံး အင်အားအလုံးအရင်းနဲ့ မီးလိုက်ဖြတ်နေကြတာ၊ အကုန်လုံး အရပ်ဝတ်တွေနဲ့ပဲ အင်အား ၅၀ လောက်ရှိမယ်။ အခန်း ၄၀၀ ကျော်လောက် ဖြတ်ခံလိုက်ရတယ် ကြားတယ်။ မီတာမဆောင်တာချင်းအတူတူ တချို့အိမ်တွေ ကြတော့ မဖြတ်ဘူး၊ မီးဖြတ်မခံရတဲ့အခန်းတွေက မီတာဆောင်နေကြတာလားဆိုပြီး သံသယ တွေနဲ့ အချင်းချင်းစိတ်ဝမ်းကွဲနေကြတာပေါ့၊ အများစုကတော့ မီတာကြေး မဆောင်ဘဲ နေကြတာ။ ခုလာဖြတ်လည်း မဆောင်ဘူးပဲ၊ ဟိုကောင်တွေက အချင်းချင်းသွေးကွဲစေချင်လို့ လုပ်တယ် ထင်ပါတယ်” လို့ အင်းစိန် ဒေသခံတစ်ဦးက ပြောပါတယ်။
လှိုင်သာယာ၊ နဝဒေးအိမ်ယာမှာလည်း ဒီနေ့မနက်ပိုင်း အရပ်ဝတ်တွေနဲ့ပဲ မီးလိုက်ဖြတ်နေ တာ အိမ်ခြေ ၅၀၀ လောက် မီးဖြတ်ခံလိုက်ရတယ်လို့ အိမ်ရာနားနေသူတစ်ဦးကပြောပါတယ်။
လှိုင်သာယာမြို့နယ်တွင်းက အချို့ရပ်ကွက်မှာတော့ မီတာလိုက်ဖတ်ရတာအဆင်မပြေလို့၊ ရုံးကသာ ထိုင်ဖတ်တော့မည်ဆိုကာ ဒစ်ဂျစ်တယ်မီတာတွေကို EPC ဝန်ထမ်းများနဲ့ Light Power ကုမ္မဏီကဝန်ထမ်းတွေ လိုက်လဲပေးနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
“အိမ်ကမီတာမဆောင်တာအတော် ကြာပြီ။ သူတို့ကို မီးလာဖြတ်တယ်ပဲထင်တာ၊ ဒါပေမယ့်မီတာမဆောင်ရင် မီးအော်တိုပြတ်သွားအောင် ဒစ်ဂျစ်တယ်မီတာ လာလဲတာတဲ့။ ဆောင်တဲ့အိမ်ရော မဆောင်တဲ့ အိမ်ရော အကုန်လဲပေးတာ၊ တစ်မြို့လုံးလဲမှာလို့ ပြောတယ်။ သူတို့ လဲလဲ မလဲလဲပါ၊ ပြည်သူ့အစိုးရတက်မှ မီတာဆောင်မယ်” လို့ လှိုင်သာယာမြို့နေ ပြည်သူတစ်ဦးက ပြောပါတယ်။
ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်အတွင်းက ချောင်းသာကမ်းခြေမှာ ဇူလိုင် ၉ ရက်နေ့က စတင်ပြီး မီတာမဆောင်တဲ့ နေအိမ်တွေကို စစ်ကောင်စီက မီးလိုက်ဖြတ်နေတယ်လို့ သိရပါတယ်။
မီတာမဆောင်တဲ့ နေအိမ်တွေကို လျှပ်စစ်မီတာစာရေးတွေနဲ့ စစ်ကောင်စီရဲ့ လက်နက်ကိုင်တွေလိုက်ပါကာ မီတာလိုက်ဖြတ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတဦးက "မီတာမဆောင်တဲ့ အိမ်တွေကို ပထမလိုက်သတိပေးထားတာရှိတယ်၊ ဒီဘက်ကလည်း ဒီအစိုးရကို ဆောင်စရာမလိုဘူးဆိုပြီ လုံးဝ မဆောင်ကြတာ၊ အဲ့ဒါ မနေ့က မီးတွေလိုက်ဖြတ်သွားတာ'' လို့ DVB ကိုပြောပါတယ်။
ချောင်းသာကမ်းခြေက အမှတ် ၁၊ ၂၊ ၃ ရပ်ကွက်တွေမှာ မီတာမဆောင်တဲ့ အိမ် ၅၀ လောက်ကို စစ်ကောင်စီက မနေ့ကစတင်ကာ မီးလိုက်ဖြတ်ခဲ့တာလို့ ဆိုပါတယ်။
မီးလိုက်ဖြတ်ခံရတဲ့ တချို့နေအိမ်တွေမှာ လူမရှိတာ မျိုးတွေနဲ့ မီတာဆောင်ရင် မဖြတ်ဘူး ပြောချိန်မှာလည်း ဖြတ်ချင်ဖြတ် မဆောင်နိုင်ဘူးလို့ ပြန်ပြောပြီး အဖြတ်ခံခဲ့တာတွေ ရှိတယ်လို့ သိရပါတယ်။