ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ နမ့်လန်မြို့က မြို့ဦးကျောင်းတိုက်ကြီး ဒီကနေ့ ဧပြီလ ၈ ရက် မနက်က မီးလောင်ကျွမ်းခဲ့ပါတယ်။
ဒီနေ့မနက်စောစော ၂ နာရီခွဲလောက်က တမြို့လုံးအိပ်မောကျနေချိန် ကားသံတွေ ဆူညံလာ လို့ လန့်နိုးပြီးထကြည့်ရာမှာ မြို့ဦးကျောင်းဘဲမှာ မီးလောင်နေတာတွေ့လို့ သွားရောက်ကူညီ ခဲ့ကြောင်း၊ ဟိုရောက်တော့ မီးသတ်ကား ၆ စီးလောက်လည်းရောက်နေပြီး ကျောင်းကြီးကတော့ ခေါင်မိုးတွေအကုန်လောင်သွားတယ်လို့ နမ့်လန်ဒေသခံ စိုင်းဆာမ်လှိုင်း က ဒီဗွီဘီကို ပြောပါတယ်။
“ကျနော်တို့ရောက်သွားတော့ ခေါင်မိုးတွေ တုတ်တန်းတွေမရှိတော့ဘူး။ အပေါ်ထပ်ပြတင်း ပေါက်တွေလည်း လောင်နေပြီ၊ အောက်ထပ်ကိုလည်း ကူးနေပြီ။ ဝင်လို့မရဘူး။ ကျောင်းဆောင် ထပ်ချဲ့ထားတဲ့ နေရာလည်း နိမ့်တော့ဝင်လို့မရဘူး။ မီးသတ်ကား ၆ စီးလောက်ဝိုင်းငြှိမ်းကြတယ်။ မနက် ၄ နာရီခွဲလောက်မှ မီးလုံးဝငြိမ်းသွားတယ်ခင်ဗျ။ အပေါ်ထပ်ရော အောက်ထပ်ရော လောင်သွားတယ်၊ ကျောင်းထဲက ပရိဘောဂတွေ ဘာမှမရလိုက်ဘူး။”
မီးလောင်ရတဲ့အကြောင်းရင်းနဲ့ ပတ်သက်ပြီး အတိအကျမသိရပေမယ့် လျှပ်စစ်မီတာဘုတ်ခုံ နားကနေ စလောင်တာမို့ ဝါယာရှော့ဖြစ်တယ်လို့ ယူဆကြောင်း၊ မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးရတဲ့ ပမာဏကိုလည်း မသိရသေးပါဘူးလို့ သူက ဆက်ပြောပါတယ်။
အဆိုပါကျောင်းတိုက်မှာ အလျား ၈ ခန်းတွဲ အနံ ၆ ခန်းတွဲရှိ ပျဉ်ခင်း၊ အုတ်ကာ နှစ်ထပ်ကျောင်းဆောင်ကြီးဖြစ်ပြီး လွန်ခဲ့တဲ့ ၂၉ နှစ်က တည်ဆောက်လှူဒါန်းထားကာ သံဃာတော် အပါး ၅၀ ကျော် သီတင်းသုံးနေထိုင်တဲ့ ပရိယတ္တိ စာသင်တိုက်ဖြစ်ပါတယ်။
နမ့်လန်မြို့မှာ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်က မြို့မဈေးကြီး မီးလောင်ခဲ့ပြီး ၂၀၁၈ ခုနှစ်မှာတော့ ရေလွှမ်းမှုဒဏ်ကို အကြီးအကျယ်ခံစားခဲ့ရဖူးပါတယ်။
ဈေးကြီးကို အသစ်ပြန်တည်ဆောက်ကြပြီး ရေကြီးတဲ့အပျက်အစီးတွေ မွမ်းမံပြင်ဆင်တာမှ မကြာသေးခင် အခုလို ဘုန်းကြီးကျောင်း မီးထပ်လောင်ခံရတာလို့ နမ့်လန်ဒေသခံက ပြောပါတယ်။
ဓာတ်ပုံ- Namlan Media
2 years Ago