close

မီးလောင်

close

May 12, 2023

မြိတ်မြို့တွင် မီးလောင်မှုဖြစ်ပြီး တည်းခိုခန်းနှင့် နေအိမ်ပျက်စီး

တနင်္သာရီတိုင်း၊ မြိတ်မြို့၊ ကန်ခေါင်းရပ်ကွက်၊ စကားဝါလမ်းမှာ မေလ ၁၁ ရက် က မီးလောင်မှုဖြစ်ပွားခဲ့လို့  တည်းခိုခန်းနဲ့ နေအိမ်တလုံး ပျက်စီးသွားတယ်လို့ မြို့ခံတွေထံက သိရပါတယ်။

မနေ့ ညနေ ၅ နာရီလောက်မှာ မီးကစတင်လောင်ကျွမ်းခဲ့ပြီး  ည ၇ နာရီမှာ မီးငြိမ်းသတ်နိုင်ခဲ့ကာ မီးကြွင်းကျန်ရှိနေသေးလို့ ည ၈ နာရီလောက်မှာ တစ်ခေါက်ပြန်သွားပြီး မီးငြှိမ်းသတ်ခဲ့ရတယ်လို့ မီးသတ်တပ်ဖွဲ့အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

မီးသတ်ရာမှာ ကူညီပေးသူတစ်ဦးက “ဗဟိုမီးသတ်ဌာန၊ ရေပုန်း၊ မြိတ်တောင်၊ ထားဝယ်စုရပ်ကွက်က အရန်မီးသတ်ဌာနတွေက ပါဝင်မီးငြှိမ်းသတ်ခဲ့ကြပြီး၊  စကားဝါတည်းခိုခန်းနဲ့ နေအိမ်တစ်လုံး မီးလောင်ပျက်စီးခဲ့တယ်”လို့ ပြောပါတယ်။

အဆိုပါမီးလောင်မှုရာမှာ ပိတ်မိနေတဲ့ကလေးတစ်ဦးကို ကယ်နိုင်ခဲ့ပြီး မြိတ်ဆေးရုံမှာ ဆေးကုသမှုခံနေရတယ်လို့ နာရေးကူညီမှုအသင်းသားတစ်ဦးက ပြောပါတယ်။

မျက်မြင်တွေ့ရှိသူတစ်ဦးက “အပြင်မှာ ရုတ်ရုတ်သဲသဲဖြစ်နေတာနဲ့ ထွက်ကြည့်တော့ မီးကစလောင်နေပြီ။ တဖြည်းဖြည်းနဲ့ မီးကပိုကြီးလာတယ်။ လောင်သွားတဲ့အိမ်တွေကလည်း သစ်အိမ်တွေချည်းပဲ”လို့ ပြောပါတယ်။

ဝိုင်ယာကြိုးရှော့ဖြစ်ပြီး မီးလောင်မှုဖြစ်ပွားတာလို့ ဒေသခံတွေက ပြောပေမဲ့ မီးလောင်ရတဲ့ အကြောင်းအရင်းကိုတော့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

မီးလောင်တဲ့ နေရာနဲ့ မြိတ်ဗဟိုမီးသတ်ဦးစီးဌာနက  မီတာ ၂၀၀ သာကွာဝေးပြီး မီးလောင်မှုကြောင့် သေဆုံးသူမရှိဘူးလို့လည်း ဒေသခံတွေထံမှ သိရပါတယ်။

မြိတ်မြို့မှာ ပြီးခဲ့တဲ့မတ်လအတွင်း အပူရှိန်မြင့်မားပြီး အမှိုက်ပုံကနေ မီးလောင်မှု ၃ ကြိမ်၊ လယ်ကွင်းကနေမီးလောင်မှု ၁ ကြိမ်၊ တောမီးလောင်မှု ၁ ကြိမ်၊ ပရိဘောဂအလုပ်ရုံမီးလောင်မှု ၁ ကြိမ် စုစုပေါင်း ၆ ကြိမ်ရှိခဲ့ပါတယ်။

11 mins Ago

May 9, 2023

သန်လျင်မြို့နယ်တွင် ဝန်ထမ်းလိုင်းခန်း ၆ ခန်း မီးလောင်

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ မြို့မမြောက်ရပ်ကွက်၊ မြို့မဈေးအနီး၊ လမ်းမတော်လမ်းနဲ့ ဇာတ်ရုံ လမ်းထောင့်က ဝန်ထမ်းလိုင်းခန်းတွဲမှာ မေ ၉ ရက် မနက်အစောပိုင်းက မီးလောင်မှု ဖြစ်ပွား ခဲ့တယ်လို့ မြန်မာမီးသတ်ဌာနချုပ်က သိရပါတယ်။

မနက် ၀၀ နာရီ ၂၇ မိနစ်ခန့်က မီးလောင်မှု သတင်းရခဲ့ပြီး သန်လျင်မီးသတ်ဌာန မီးသတ်ယာဉ် ၅ စီးနဲ့ အရပ်ဖက်အသင်းတွေက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့တာကြောင့် မနက် ၁ နာရီလောက် မီးငြိမ်း သွားပါတယ်။

မြို့ခံကယ်ဆယ်ရေးအသင်း ယာဉ်တာဝန်ခံက "စက်ရုံလိုင်းခန်းတွဲ စာတိုက်ဘေးက လမ်းမှာ လောင်တာပါ။ မြို့မမြောက်ရပ်ကွက် အပိုင်ထဲကပဲ။ မီးသတ်ကားက ၅ စီး လောက်လာတယ်။ အတွင်းပိုင်း အကုန်လုံး ပျက်စီးသွားတယ်။ လူထိခိုက်တာ တော့ မရှိဘူး "လို့ ဆိုပါတယ်။

မီးလောင်မှုကြောင့် သန်လျင်ရေနံချက်စက်ရုံဝန်ထမ်းလိုင်းခန်းတွဲ သွပ်မိုးအုတ်ကာ ၁ ထပ် အဆောက်အအုံ ၆ ခန်းတွဲ ပျက်စီးဆုံးရှုံးသွားပြီး လူထိခိုက်မှု မရှိဘူးလို့ သိရပါတယ်။ 

မီးစတင်လောင်ကျွမ်းရတဲ့ အကြောင်းအရင်းနဲ့ ပျက်စီး ဆုံးရှုံးမှုတန်ဖိုးကို တွက်ချက် နေဆဲ ဖြစ်တယ်လို့ သိရပြီး မီးလောင်ကျွမ်းမှုစတင်ခဲ့တဲ့ အခန်းနေသူကိုတော့  သန်လျင်မြို့မရဲစခန်းမှာ အမှုဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။

ရန်ကုန်မှာ မေ ၁ ရက်က ‌တောင်ဥက္ကလာပမြို့နယ်မှာ မီးလောင်မှုကြောင့် နေအိမ် ၄ လုံး၊ မေ ၄ ရက်က သာကေတမြို့နယ်မှာ မီးလောင်မှုကြောင့် နေအိမ် ၆လုံးနဲ့ တခြမ်း၊ မေ ၇ ရက်က အင်းစိန်မြို့နယ်မှာ မီးလောင်မှုကြောင့်  နေအိမ် ၁ လုံးနဲ့ အိမ်ခန်း ၄ ခန်းတွဲ ပျက်စီးဆုံးရှုံးခဲ့ပါတယ်။

3 days Ago

ရေးမြို့နယ် သောင်ပြင်ကျေးရွာတွင် မီးလောင်ပြီး နေအိမ် ၄ လုံး ပျက်စီး

မွန်ပြည်နယ်၊  ရေးမြို့နယ်၊ သောင်ပြင်ကျေးရွာမှာ မေ ၈ ရက် ညနေ ၃ နာရီ ၅၀ မိနစ်က မီးလောင်မှုဖြစ်ပွားလို့ လူနေအိမ် ၄ လုံး ပျက်စီးသွားတယ်လို့  ဒေသခံတွေဆီက သိရပါတယ်။

မီးလောင်မှုကို မီးသတ်တပ်ဖွဲ့ဝင်တွေ၊ ပရဟိတအဖွဲ့တွေနဲ့ ဒေသခံပြည်သူတွေ ၂ နာရီလောက်ကြာအောင် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရပြီး ၅ နာရီခွဲလောက်မှာ မီးငြိှမ်းသတ်နိုင်ခဲ့တယ်လို့ ဒေသခံ လူမှုကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။

မီးလောင်မှုကြောင့် နေအိမ် ၄ လုံး ဆုံးရှုံးခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးနဲ့ မီးလောင်ရတဲ့ အကြောင်းရင်းကိုတော့ မသိရှိရသေးဘူးလို့ မီးသတ်သမားတွေက ပြောပါတယ်။

အခုလို ပူပြင်းတဲ့ နွေရာသီကာလမှာ မီးဘေးအန္တရာယ် အသိပညာပေးတာတွေ လုပ်ဖို့လိုသလို ပေါ့ဆမီးတွေကြောင့် မီးလောင်ကျွမ်းဆုံးရှုံးမှု ကျပ်သန်းနဲ့ချီရှိပြီး လူသေဆုံးမှုတွေလည်း ရှိလာနေပါတယ်။

3 days Ago
Up