ပါကစ္စတန်နိုင်ငံမှာ မုတ်သုံမိုးရွာသွန်းမှုကြောင့် လူပေါင်း ၃ သန်းလောက် ထိခိုက်ခဲ့ပြီး နိုင်ငံတဝန်းရှိ ကယ်ဆယ်ရေးစခန်းတွေဆီ ရွှေ့ပြောင်းနေထိုင်ရသူ ၁၈၄,၀၀၀ လောက် ရှိကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုရေးရာ ညှိနှိုင်းရေးရုံး (OCHA) က သြဂုတ် ၂၅ ရက်မှာ နောက်ဆုံးရ အချက်အလက်တွေကို ထုတ်ပြန်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း နိုင်ငံတဝန်းမှာ လမ်းတွေ ကီလိုမီတာ ၁၅၀ ပျက်စီးခဲ့ပြီး အိမ်ခြေ ၈၂,၀၀၀ ကျော်ဟာလည်း တစိတ်တပိုင်း သို့မဟုတ် အပြည့်အဝ ပျက်စီးခဲ့ကြောင်း အမျိုးသား သဘာဝဘေးစီမံခန့်ခွဲမှု အာဏာပိုင်အဖွဲ့ (NDMA) က အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ပါကစ္စတန်ရဲ့ ရေလွှမ်းမိုးမှုဒဏ်ခံရတဲ့ ဒေသတွေက ပြည်သူတွေဟာ သမိုင်းဝင် မိုးရွာသွန်းမှုကြောင့် ရုန်းကန်နေကြရပြီး နိုင်ငံရဲ့ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဝန်ကြီးက ဒီအခြေအနေကို ရာသီဥတုကြောင့် ဖြစ်ပေါ်လာတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဘေးဥပဒ်တခုလို့ ခေါ်ဆိုပါတယ်။
ဘာလိုချီစ်တန်ပြည်နယ်ရဲ့ မြို့တော် ကူအက်တာမှာ လူတွေဟာ ပျက်စီးသွားတဲ့ အိမ်တွေက အပျက်အစီးတွေကို ရှင်းလင်းဖို့ အလုပ်များနေကြပါတယ်။
ပန်ဂျဘ်ပြည်နယ်ရှိ တုန်ဆာရှာရစ်ဖ်မှာ အိမ်တွေပြိုကျကုန်တဲ့ လူတွေက အကူအညီ တောင်းခံခဲ့ပါတယ်။
ပြီးခဲ့တဲ့လကတည်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုတွေ ဖြစ်ပွားခဲ့ပြီး လူပေါင်း ၉၀၀ ကျော် သေဆုံးခဲ့ပြီးနောက် ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆောင်ရွက်ရာမှာ နိုင်ငံတကာ အသိုက်အဝန်းကို ကူညီပေးဖို့ ပါကစ္စတန်က တိုက်တွန်းထားပါတယ်။
ငွေကြေးထောက်ပံ့မှုနဲ့ ပြန်လည်တည်ဆောက်ရေး ကြိုးပမ်းမှုတွေဟာ ငွေသားပိတ်ဆို့နေတဲ့ ပါကစ္စတန်အတွက် စိန်ခေါ်မှုတခုဖြစ်နေပြီး နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ဟာ အလွန်လိုအပ်နေတဲ့ ထောက်ပံ့ငွေတွေ ထုတ်ပေးမှုကို အတည်ပြုဖို့အတွက် အသုံးစရိတ်ကို ဖြတ်တောက်ပစ်ရမှာလည်း ဖြစ်ပါတယ်။
ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း ဘာလိုချီစတန်ပြည်နယ်မှာ မုတ်သုံမိုး ရွာသွန်းမှုကြောင့် ရေကြီးရေလျှံပြီး အနည်းဆုံး လူ ၁၁၀ သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ပါတယ်။
ကယ်ဆယ်ရေးသမားတွေနဲ့ စစ်သားတွေဟာ လှေတွေနဲ့ ရဟတ်ယာဉ်တွေကိုသုံးပြီး ဇွန်လကတည်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အခြေအနေ ဆိုးရွားခဲ့တဲ့ လာ့စ်ဘီလာခရိုင်နဲ့ တခြားရေလွှမ်းမိုးမှုဒဏ် ခံနေရတဲ့ ဒေသတွေမှာ သောင်တင်နေတဲ့သူတွေကို ကယ်ဆယ်ပေးနေတာပါ။
ဇူလိုင် ၂၈ ရက်က လာ့စ်ဘီလာက ရွာသား ၂၀၀ ကျော်ကို ဘေးကင်းရာ ရွှေ့ပြောင်းပေးခဲ့ရကြောင်း ဒေသအာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။
ဒီဒေသက ရေကြီးမှုဒဏ်ကို ဆိုးဆိုးရွားရွားခံခဲ့ရပြီး ဆွေမျိုးတော်တော်များများ ရွာထဲမှာ သောင်တင်နေတုန်းပါပဲလို့ ဒေသခံရွာသား အဗ္ဗဒူလ် ရာရှိဒ်က ပြောပါတယ်။ ရေကြီးရေလျှံမှုထဲမှာ လူအများကြီး ပိတ်မိနေပြီးတော့ အများကြီးလည်း ဆုံးရှုံးခဲ့ရပါတယ်။
မွေးထားတဲ့ တိရစ္ဆာန်တွေနဲ့ ပိုင်ဆိုင်သမျှပစ္စည်းတွေ အားလုံး ဆုံးရှုံးသွားပြီလို့ တခြားရွာသား ဖာတေး မူဟာမဒ်က ပြောပါတယ်။
ပါကစ္စတန်စစ်တပ်ကတော့ ရေဘေးသင့်ကျေးရွာတွေမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဖို့အတွက် ရဟတ်ယာဉ်နှစ်စင်း စေလွှတ်ထားပါတယ်။
မိုးလေဝသဌာန အဆိုအရ လာမယ့်ရက်အနည်းငယ်အတွင်း ပါကစ္စတန်ရဲ့ နေရာအများအပြားမှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကယ်ဆယ်ရေးလုပ်ငန်းဟာ ကြီးကြီးမားမား စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။