ပါကစ္စတန်တွင် မုတ်သုံမိုးကြောင့် ရေကြီးပြီး အနည်းဆုံး လူ ၁၁၀ သေဆုံး

ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း ဘာလိုချီစတန်ပြည်နယ်မှာ မုတ်သုံမိုး ရွာသွန်းမှုကြောင့် ရေကြီးရေလျှံပြီး အနည်းဆုံး လူ ၁၁၀ သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ပါတယ်။
ကယ်ဆယ်ရေးသမားတွေနဲ့ စစ်သားတွေဟာ လှေတွေနဲ့ ရဟတ်ယာဉ်တွေကိုသုံးပြီး ဇွန်လကတည်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အခြေအနေ ဆိုးရွားခဲ့တဲ့ လာ့စ်ဘီလာခရိုင်နဲ့ တခြားရေလွှမ်းမိုးမှုဒဏ် ခံနေရတဲ့ ဒေသတွေမှာ သောင်တင်နေတဲ့သူတွေကို ကယ်ဆယ်ပေးနေတာပါ။
ဇူလိုင် ၂၈ ရက်က လာ့စ်ဘီလာက ရွာသား ၂၀၀ ကျော်ကို ဘေးကင်းရာ ရွှေ့ပြောင်းပေးခဲ့ရကြောင်း ဒေသအာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။
ဒီဒေသက ရေကြီးမှုဒဏ်ကို ဆိုးဆိုးရွားရွားခံခဲ့ရပြီး ဆွေမျိုးတော်တော်များများ ရွာထဲမှာ သောင်တင်နေတုန်းပါပဲလို့ ဒေသခံရွာသား အဗ္ဗဒူလ် ရာရှိဒ်က ပြောပါတယ်။ ရေကြီးရေလျှံမှုထဲမှာ လူအများကြီး ပိတ်မိနေပြီးတော့ အများကြီးလည်း ဆုံးရှုံးခဲ့ရပါတယ်။
မွေးထားတဲ့ တိရစ္ဆာန်တွေနဲ့ ပိုင်ဆိုင်သမျှပစ္စည်းတွေ အားလုံး ဆုံးရှုံးသွားပြီလို့ တခြားရွာသား ဖာတေး မူဟာမဒ်က ပြောပါတယ်။
ပါကစ္စတန်စစ်တပ်ကတော့ ရေဘေးသင့်ကျေးရွာတွေမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဖို့အတွက် ရဟတ်ယာဉ်နှစ်စင်း စေလွှတ်ထားပါတယ်။
မိုးလေဝသဌာန အဆိုအရ လာမယ့်ရက်အနည်းငယ်အတွင်း ပါကစ္စတန်ရဲ့ နေရာအများအပြားမှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကယ်ဆယ်ရေးလုပ်ငန်းဟာ ကြီးကြီးမားမား စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။