close

မုန်တိုင်းငယ် မြန်မာဘက် ဦးတည်ရွေ့လျားမည့် အခြေအနေမရှိသဖြင့် အဝါရောင်အဆင့် သတ်မှတ်

ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ် (Depression)ဟာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမယ့် အခြေအနေမရှိလို့  အဝါရောင်အဆင့် သတ်မှတ်ထားတယ်လို့ မိုးဇလဌာနက သတင်းထုတ်ပြန်ပါတယ်။

ဘင်္ဂလား ပင်လယ်အော်အနောက်တောင်ပိုင်းနဲ့ ဆက်စပ်နေတဲ့ ဘင်္ဂလား ပင်လယ်အော်တောင်ပိုင်းမှာ  ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်ဟာ အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့အနောက်တောင်ဘက် ရေမိုင် ၅၂၀ မိုင်ခန့်၊ ဟိုင်းကြီးကျွန်းအနောက်တောင်ဘက် ရေမိုင် ၆၃၀ မိုင်ခန့်၊ သီရိလင်္ကာနိုင်ငံ၊ ဂျက်ဖ်နာမြို့ အရှေ့ဘက် ရေမိုင် ၃၂၀ မိုင်ခန့်နဲ့ အိန္ဒိယနိုင်ငံ၊ ချင်းနိုင်မြို့အရှေ့တောင်ဘက်ရေမိုင် ၃၃၅ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေတယ်လို့ မိုးဇလက ခန့်မှန်းပါတယ်။

မုန်တိုင်းငယ်ရဲ့ ဗဟိုချက် လေဖိအား ၁၀၀၅ ဟက်တိုပါစကယ်နဲ့ အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် ၃၀ နှုန်းဖြစ်ကာ နောက် ၄၈ နာရီအတွင်း အိန္ဒိယနိုင်ငံ၊ တမီးလ်နာဒူး မြောက်ပိုင်း - ပူဒူချယ်ရီနဲ့ အင်ဒရာပရာဒေ့ရှ်တောင်ပိုင်းကမ်းခြေအနီးသို့ ရောက်ရှိ နိုင်တယ်လို့ ခန့်မှန်းပါတယ်။

မုန်တိုင်းအရှိန်ကြောင့် နိုဝင်ဘာ ၂၁ ရက်မှာ တနင်္သာရီတိုင်းနဲ့ ရှမ်းပြည်နယ်(တောင်ပိုင်း)တို့မှာ နေရာစိပ်စိပ်မှ နေရာအနှံ့အပြား၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်တယ်လို့ဆိုတယ်။

မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ တစ်ခါတစ်ရံ မိုးသက်လေပြင်း ကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ကာ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေဟာ တစ်နာရီလျှင် မိုင်(၃၀)မှ (၃၅)မိုင်အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ  ၇ ပေမှ ၉ ပေခန့်ရှိနိုင်ပါတယ်။

မုန်တိုင်းငယ်(Depression) အရှိန်ကြောင့် မိုးရွာသွန်း၊ လေပြင်းတိုက်ခတ်၊ မိုးထစ်ချုန်းနိုင်လို့ ကြိုတင်သတိပြု နေထိုင်ကြဖို့နဲ့  ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်၊ သင်္ဘောတွေ ကြိုတင်သတိပြုဖို့လည်း မိုးဇလဌာနက အသိပေးနှိုးဆော်ထားပါတယ်။

Photo-DMH

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up