စစ်ကိုင်းတိုင်း ယင်းမာပင်နဲ့ ဆားလင်းကြီးမြို့နယ်တို့က ကျေးလက်နေပြည်သူစုပေါင်းပြီး စစ်အာဏာရှင်အမြစ်ပြတ် ဖြုတ်ချရေးသပိတ်ကို ဇွန်လ ၃၀ ရက်နေ့က ၁၁၂ ရက်မြောက်နေ့အဖြစ် ဆက်လက်ဆန္ဒဖော်ထုတ်ခဲ့ကြပြီး မုံရွာပင်မသပိတ်မှ ဦးဆောင်ကော်မတီဝင်တွေ လာရောက်ဝန်းရံ ပူးပေါင်းခဲ့ပါတယ်။
မုံရွာပင်မသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ကိုခန့်ဝေဖြိုးက “မမျှတတဲ့ စစ်တပ်ဗဟိုပြု ကိုယ်ကျိုးစီးပွားစနစ်ကို အပြီးတိုင်ဖြိုလှဲပြီး ပြည်သူလူထုကို အကျိုးပြုတဲ့ စျေးကွက်စီးပွားရေးစနစ်ကို ထူထောင်ရမှာဖြစ်ပြီး နှစ်ပေါင်းများစွာက စိတ်မကူးနိုင်ခဲ့တဲ့ နိုင်ငံသစ်ထူထောင်ရေးအတွက် ကျနော်တို့ လက်ဝယ်ရောက်ရှိလာတာဖြစ်လို့ အားမလျော့ဘဲ ဇွဲလုံ့လဘယ်လောက်ထိရှိတယ်ဆိုတာ သက်သေပြကြဖို့” လို့ပြောပါတယ်။
ယင်းမာပင်နဲ့ ဆားလင်းကြီးမြို့နယ် ပူးပေါင်းသပိတ်စစ်ကြောင်းဟာ နေ့စဥ် စစ်အာဏာရှင်ကို တော်လှန်ဆန္ဒပြနေတာဖြစ်ပြီး ဆန္ဒပြအင်အားလည်း ကောင်းနေဆဲ သပိတ်စစ်ကြောင်းဖြစ်ပါတယ်။
မေလ ၂၉ ရက်က စစ်အာဏာရှင်အပြီးတိုင်ဖြုတ်ချရေး စစ်ကိုင်းတိုင်း ယင်းမာပင်နဲ့ ဆားလင်းကြီးမြို့နယ် ပူးပေါင်းသပိတ်ကို မုံရွာပင်မသပိတ် ဦးဆောင်ကော်မတီဝင်တွေ လာရောက်ဝန်းရံပူးပေါင်းခဲ့ပြီး အင်အား ၁,၀၀၀ ကျော် ဆန္ဒပြခဲ့ပါတယ်။
ဒီကနေ့ဆန္ဒပြပွဲမှာ လာရောက်ဝန်းရံပူးပေါင်းတဲ့ မုံရွာပင်မသပိတ်ဦးဆောင်ကော်မတီဝင် မုံရွာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌက “ဒီလိုတော်လှန်ရေးလုပ်ရင် ကျနော်တို့အသက်တွေ ဘဝတွေ ပေးဆပ်ရမှာသိပေမယ့် တိုင်းပြည်နဲ့ နောင်လာမယ့် မျိုးဆက်သစ် အနာဂတ်ကောင်းစားဖို့အတွက် ကျနော်တို့ရဲ့ တဘဝစာလေးကို ပေးဆပ်ကာ တော်လှန်နေတာဖြစ်ပြီး အနာဂတ်မျိုးဆက်သစ်တွေရဲ့ဘဝတွေ မသေစေဖို့ စစ်အာဏာရှင်ကို အပြီးတိုင်ဖြုတ်ချမယ်” လို့ ပြောပါတယ်။
မြို့နယ်ပူးပေါင်းသပိတ်တပ်ဟာ စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်လာခဲ့တဲ့ ရက်ပေါင်း ၈၀ ပြည့်မြောက်ခဲ့ပြီဖြစ်သလို ဆန္ဒပြတဲ့ အင်အားကောင်းနေဆဲ ဖြစ်ပါတယ်။