စစ်ကိုင်းတိုင်း၊ မုံရွာအကျဉ်းထောင်ကနေ ဒီကနေ့ ဇန်နဝါရီ ၄ ရက် လွတ်လပ်ရေးနေ့မှာ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နဲ့ နိုင်ငံရေးအကျဉ်းသား ၃၄ ဦး အပါအဝင် အကျဉ်းသား ၇၄ ဦး ပြန်လွတ်လာတယ်လို့ ထောင်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
နီးစပ်သူ ဒေသခံတဦးက “ပြန်လွတ်လာသူတွေထဲမှာ အမျိုးသား ၆၄ ယောက်နဲ့ အမျိုးသမီး ၁၀ ယောက်လွတ်ပြီး ပုဒ်မ ၅၀၅(က) နဲ့ ပြန်လွတ်လာသူ အမျိုးသား အမျိုးသမီး ၃၄ ယောက် လွတ်လာတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီက သူတို့အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ဖမ်းဆီးထားတဲ့သူတွေကို အခါကြီးရက်ကြီး နေ့ထူးနေ့မြတ်တွေမှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွှတ်ပေးပေမဲ့ ၅ လ ခံဝန်ကတိ လက်မှတ်ရေးထိုးခဲ့ရတယ်လို့ လွတ်မြောက်လာသူ နိုင်ငံရေးအကျဉ်းသားတဦးက ပြောပါတယ်။
စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ ကလေးမြို့အကျဥ်းထောင်ကနေ နိုင်ငံရေးအကျဉ်းသားတွေ အပါအဝင် အကျဉ်းသား ၇၇ ဦး လွတ်ငြိမ်းချမ်းသာခွင့်ရတယ်လို့ သိရပါတယ်။
အဲဒီထဲမှာ ကလေးအကျဉ်းထောင်က လွတ်ငြိမ်းချမ်းသာခွင့်ရသူတွေထဲမှာ အကျဥ်းသား ၆၆ ဦးနဲ့ အကျဉ်းသူ ၁၁ ဦး၊ စုစုပေါင်း ၇၇ ဦး လွတ်ငြိမ်းသက်သာခွင့်ရတယ်လို့ ဒေသတွင်းသတင်းတွေမှာ ဖော်ပြပါတယ်။
ကလေးအကျဉ်းထောင်ကနေ လွတ်ငြိမ်းချမ်းသာခွင့်ရတဲ့သူတွေထဲမှာ နိုင်ငံရေးအကျဉ်းသား ဘယ်နှစ်ယောက်ပါတယ် ဆိုတာကိုတော့ ဒီဗွီဘီအနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။
ဇန်နဝါရီ ၄ ရက် ဒီနေ့မှာ စစ်ကောင်စီက ၇၅ နှစ်ပြည့် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် နိုင်ငံတဝန်း အကျဉ်းသား ၇,၀၀၀ ကျော် ပြန်လွှတ်ပေးခဲ့တာပါ။
စစ်ကိုင်းတိုင်း၊ မုံရွာအကျဉ်းထောင်ကနေ အကျဉ်သား ၄၁ ဦးကို စစ်ကောင်စီက နိုဝင်ဘာ ၁၇ ရက် ဒီနေ့မှာ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နဲ့ ပြန်လွှတ်ပေးလိုက်တယ်လို့ မုံရွာ နိုင်ငံရေးအသိုင်းအဝိုင်းကနေ သိရပါတယ်။
အမျိုးသားအောင်ပွဲနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅-က အရ အရေးယူထားတဲ့ အနုပညာရှင်တွေနဲ့ ပြစ်ဒဏ်ကျခံနေသူတွေကို လွတ်ငြိမ်းခွင့် ပေးမှာဖြစ်ကြောင်း စစ်ကောင်စီက မနေ့ နိုဝင်ဘာ ၁၆ ရက် ညပိုင်းက ထုတ်ပြန်ပြီး အခုလို လွတ်မြောက်လာပါ။
မုံရွာမြို့ဒေသခံက “ဒီနေ့ မုံရွာထောင်ကနေ လွတ်ငြိမ်းချမ်းသာနဲ့ ပြန်လွှတ်ပေးလိုက်တာ ၄၁ ဦးပါဗျ။ အများစုကတော့ မုံရွာထောင်ကနေ မြင်းခြံထောင် ပြောင်းရွှေ့ခံရသူအများစု လွတ်လာတယ်ဗျ။ လွတ်လာသူတွေကတော့ မုံရွာခရိုင် ဗကသအတွင်းရေးမှူးဟောင်း မဖူးသိမ့်သိမ့်တုန်၊ မုံရွာသပိတ်ကော်မတီက တကသခေါင်းဆောင်တွေဖြစ်တဲ့ ကိုရှင်းသန့်၊ ကိုရွှေဝင်းအောင်အပြင် ကိုနေဦးလည်း လွတ်မြောက်ပြီလို့ သိရပါတယ်ဗျ။ ဒါ့အပြင် ကိုဇော်သူရိန်ထွန်း (စစ်ကိုင်းတိုင်းကွန်ပြူတာအသင်း၊ ဥက္ကဋ္ဌ)၊ မအေးချမ်းမြေ့၊ ရန်နိုင်ကျော် (ဇာတ်မင်းသား)၊ ရေဦးဝက်အူချောင်းဆိုင်ပိုင်ရှင် အမျိုးသမီးတို့လည်း လွတ်လာကြပြီ” လို့ ဒီဗွီဘီကို ပြောပါတယ်။
စစ်ကောင်စီကတော့ ဒီနေ့ မုံရွာအကျဉ်းထောင်ကိုသွားတဲ့ တမာတန်းလမ်းကို ပိတ်ထားပြီး လုံခြုံရေး တင်းကျပ်နေတယ်လို့ မုံရွာဒေသခံတွေက ပြောပါတယ်။
စစ်ကိုင်းနိုင်ငံရေးသမားတဦးဖြစ်တဲ့ ကိုစိုးဝင်းဆွေက“စဖမ်းကတည်းက မတရားဖမ်းဆီးထားတာမို့ ပြန်လွှတ်ပေးလို့လည်းဘာမှ ကျေးဇူးတင်စရာမရှိဘူးဗျ။ အမှုငယ်၊ လွတ်ခါနီးတွေကို ပြန်လွှတ်ပေးပေမဲ့ သေဒဏ်အမှု ၅၀ လောက်ကို အဆောတလျင် စစ်ဆေးနေတာက (--) တပ်ရဲ့ စေတနာမှန်ကို ထင်ဟပ်စေတယ်။ သူတို့လက်ကလွတ်တာနဲ့ အဝေးဆုံးကို ပြေးပေတော့၊ မဟုတ်ရင်တော့ မထင် မထင်သလို ပြန်ဖမ်းထည့်နေမှာ ဖြစ်တယ်။ နိုင်ကျဉ်းတချို့အပြင် နိုင်ငံခြားသား လေးဦးကိုပါ လွှတ်ပေးလိုက်တာက ပြည်တွင်း ပြည်ပ ဖိအားတစုံတရာ လျော့ပါးဖို့နဲ့ တိုင်းပြည်ကို သူတို့ထိန်းချုပ်နိုင်ပြီဆိုပြီး ကမ္ဘာကို လှည့်စားချင်လို့သာ ဖြစ်တယ်။ စစ်အာဏာရှင်စနစ်အောက်က လွတ်မြောက်တာ မဟုတ်သေးသရွေ့ အစစ်အမှန် လွတ်မြောက်မှုမဟုတ်၊ ခြင်းထဲကကြက်ကို ခြံထဲလွှတ်ပေးခြင်းသာဖြစ်တယ်။ အစစ်အမှန် လွတ်မြောက်မှုရအောင် ဆက်လက်တိုက်ပွဲဝင်ရမှာပဲ ဖြစ်တယ်” လို့ ဆိုပါတယ်။
စစ်ကိုင်းတိုင်း မုံရွာအကျဉ်းထောင်အတွင်းမှာ ယုံကြည်ချက်ကြောင့် နိုင်ငံရေးအကျဉ်းသား ၅၀ ကို သေမိန့်တပ်ပြီး စစ်ဆေးနေတာတွေ ရှိနေကာ အဲဒီ သေမိန့်ကျခံနေရတဲ့ အကျဉ်းသား ၅၀ ကျော်ရဲ့ ဆွေမျိုးတွေကတော့ တရားမျှတတဲ့ ဥပဒေနဲ့ ရိုးသားပြီး ပြည်သူဘက်ကနေ လုံးဝရပ်တည်တဲ့ တရားသူကြီးကောင်းတွေကို မျှော်လင့်နေကြတယ်လို့ မိသားစုဝင် အများစုက ပြောပါတယ်။