close

မုံးကိုးမြို့နယ်

close

December 24, 2022

မုံးကိုးမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် MNDAA တပ်တို့ တိုက်ပွဲဖြစ်ပွား

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ မူဆယ်မြို့နယ်၊ မုံးကိုးမြို့နယ်ခွဲ၊ ဝိန်းဆိုင်ကျေးရွာ အုပ်စုဘက်မှာ စစ်ကောင်စီတပ်နဲ့ ကိုးကန့် MNDAA တို့ အကြား ဒီဇင်ဘာ ၂၁ ရက်နဲ့ ဒီဇင်ဘာ ၂၃ ရက်နေ့တွေက တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

"ဒီမနက်(ဒီဇင်ဘာ ၂၃) ဘုရားကျောင်းရဲ့ ဟိုးအပေါ်ဘက်မှာ ခဏလေး တိုက်ပွဲဖြစ်တယ်။ တဖြည်းဖြည်းနဲ့ တိုက်ပွဲက အထက်ဘက် ရောက်သွားတာ။ လွယ်လော်မ်၊ ပန်ဂျုံ ဘက်ထင်တယ် ပစ်နေတယ်။ မနေ့ကတော့ တိုက်ပွဲမဖြစ်ဘူး။ တနေ့ကတော့ ၁ နာရီ ကျော်လောက်ကနေ ညနေပိုင်း ၃ နာရီကျော်အထိ လက်နက်ကြီးက မုံးကိုး ဗျူဟာက ၁၀ကြိမ်ကျော်၊ ယိမ်းခိုင်း ဘက်က စစ်ကြောင်းဘက်က အမြောက်သေး ၃ ကြိမ်၊ အများစုက မုံးကိုးဘက်က ပစ်တယ်" လို့ ဒေသခံတဦးက ပြောပါတယ်။ 

ဒီဇင်ဘာ ၂၃ ရက်နေ့မှာတော့ ဝိန်းဆိုင်ရွာအနီး ဆမာရွာ နဲ့ ဟူဘန်ရွာ အနီး ၂ နာရီကျော်ကြာ တိုက်ပွဲပြင်းထန်ခဲ့တာကြောင့် ဆမာရွာ နဲ့ ဟူဘန်ရွာ နှစ်ရွာလုံးက ပြည်သူတွေ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတယ်လို့ ဆိုပါတယ်။ 

"ဒီမနက်တုန်းကလည်း ကျနော်တို့ ကြံခဏသွားခုတ်ကြတာ၊ တိုက်ပွဲ ဖြစ်လာလို့ ပြန်ထွက်ပြေးလာခဲ့ရတယ်။ တနေ့ကလည်း ကျနာ်တို့ ကြံခုတ်နေတဲ့အချိန် အဲဒီနားမှာ တိုက်ပွဲ ဖြစ်လာလို့ ဆိုင်ကယ်တွေတောင် ယူချိန်မရဘူး။ ကြံလာခုတ်တဲ့ သူတွေကို ရေချောင်းအတိုင်း ပြန်ခိုင်းလိုက်တယ်‌။ ကျနော်ပြန်မယ့်လမ်းဘက်က တိုက်ပွဲ ဖြစ်နေတော့ ကျနော်က တောင်ပေါ်ဘက် တက်သွားလိုက်ပြီး ညနေ မိုးချုပ်ခါနီးမှ တခြားလမ်းကနေ ပြန်လာခဲ့ရတယ်။" လို့ တောင်သူတဦးက ပြောပါတယ်။ 

ရွာထဲ၊ ရွာအနီးအနားနဲ့ လမ်းမကြီး နားတွေမှာ လက်နက်ကျည်တွေ အများအပြား ကျရောက်ပေါက်ကွဲတာကြောင့် နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲ ရှောင်လာခဲ့ရတဲ့ ဒေသခံ ပြည်သူတွေတချို့က ကြံခင်းထဲကနေ အလုပ်လုပ်ရင်း ထွက်ပြေးတိမ်းရှောင်လာခဲ့ရလို့ လဲလှယ်စရာ အဝတ်အထည် နဲ့ စောင်၊ အစားအသောက်တွေတော့ အခက်အခဲ ဖြစ်နေကြတယ်လို့ စစ်ရှောင် ပြည်သူတဦးက ပြောပါတယ်။ 

"မနေ့က တချို့ ခဏ ပြန်လို့ ရလိုက်တယ်။ သူတို့က အဝတ်အစား အလဲအလှယ် ရလိုက်ကြတယ်။ တချို့ ကျတော့ မပြန်ယူလိုက်ရဘူး။ မပြန်ယူလိုက်ရတဲ့ သူတွေက လဲစရာ အဝတ် မရှိကြတာပေါ့။  ရှောင်လာတဲ့ သူတွေက အသိ ဆွေမျိုးတွေ အိမ်ဘက် ရောက်ကုန်တော့ စာရင်း အတိအကျ ရဖို့ ခက်နေတာ။ ဆမာရွာမှာက အိမ်ခြေ ၂၀ ကျော်၊ ဟူဘန်ရွာမှာ အိမ်ခြေ ၁၀ ကျော် ရှိတယ်။ လောလောဆယ် ရွာလုံးကျွတ် ရှောင်ရတယ်။" 

ဒီဇင်ဘာ ၂၁ ရက်က စစ်ကောင်စီ စစ်တပ် တပ်မ ၉၉ လက်အောက်ခံ တပ်ရင်း ၄၂၀ မှ အင်အား ၈၀ နီးပါး ကိုးကန့် MNDAA တပ်မဟာ ၅၁၁ ရှိရာ မုံးပေါ်ဒေသ ဝိန်းဆိုင်ရွာအနီး စစ်ကြောင်းထိုးလာတာကြောင့် မွန်းလွဲ ၁ နာရီခွဲခန့်ကစ  ၄ နာရီ ဝန်းကျင်အထိ နှစ်ဘက် တိုက်ပွဲ ပြင်းထန်ခဲ့ပါတယ်။ 

မုံးကိုး စစ်ကောင်စီဗျူဟာက တိုက်ပွဲ ဖြစ်ပွားရာ မုံးပေါ်ဘက်ကနေ ဆမာနဲ့ ဟူဘန် ရွာတွေဘက် လက်နက်ကြီး အများအပြား ပစ်ကူခဲ့ပြီး တိုက်ပွဲအတွင်း ကိုးကန့် MNDAA ဘက်က ရဲဘော် တဦးကျဆုံးခဲ့ကာ တဦး ဒဏ်ရာ အနည်းငယ်ရခဲ့ကြောင်းနဲ့ စစ်ကောင်စီဘက်ကတော့ အထိအခိုက် အကျအဆုံး မသိရသေးကြောင်း ကိုးကန့် သတင်းဌာနက ဒီဇင်ဘာ ၂၂ ရက်နေ့မှာ သတင်း ထုတ်ပြန်ထားပါတယ်။ 

36 seconds Ago

December 14, 2021

မုံးကိုးမြို့နယ် MNDAA တပ်စခန်းနေရာများကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက် (ရုပ်သံ)

ရှမ်းပြည်နယ်၊ မုံးကိုးမြို့နယ်မှာ ဒီဇင်ဘာ ၁၃ ရက်က ကိုးကန့် MNDAA တပ်စခန်းရှိတဲ့ နေရာတွေကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံ မျက်မြင်တွေနဲ့ ကိုးကန့်သတင်းအရ သိရပါတယ်။

"ဖောင်းဆိုင်ဒေသ ဘန်မွေး၊ မန်းယန် ရွာတွေဘက် မနက်  ၁၁ နာရီခွဲ ဝန်းကျင်က စစ်ကောင်စီဘက်က ဂျက်လေယာဉ် နှစ်စီးနဲ့ လာရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ခုဂျက်လေယာဉ် တစီးထပ်တက်လာတယ်" လို့ မျက်မြင်ဒေသခံက  ပြောပါတယ်။

မုံးကိုးဖောင်းဆိုင်ဒေသအပြင် မုံးကိုး ဘန်လုမ်းတောင်၊ နမ့်ဟာ တအာင်း ပလောင်ရွာ ဘက်လည်း တိုင်ပွဲပြင်းထန်နေပြီး မုံးကိုး ပန်ဂျုံဘက်မှာလည်း စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံ နောက်တဦးက ပြောပါတယ်။

"ဖောင်းဆိုင်တိုက်ပွဲက မနေ့ ၁ နာရီအထိ ပြင်းပြင်း ထန်ထန်တိုက်နေဆဲပဲ။  စစ်ကောင်စီတပ်က ဂျက်လေယာဉ်နဲ့ နှစ်ခါ လာပစ်တယ်။ မုံးကိုးမြို့ ခရစ်ယာန် သင်္ချိုင်းနားက ပန်ဂျုံရွာဘက်မှာလည်း တိုက်ပွဲဖြစ်ပြီး ဂျက်လေယာဉ်နဲ့ ဗုံးလာကြဲတယ်။" 

ဒီဇင်ဘာ ၁၃ ရက်နေ့မှာ စစ်ကောင်စီတပ်က မုန်းကိုးခရိုင် MNDAA (ကိုးကန့်) ထိန်းချုပ်နယ်မြေ ထိုးစစ်ဆင်နေတဲ့အတွက် နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ကိုးကန့်သတင်းမှာ ဖော်ပြထားပါတယ်။

တိုက်ပွဲဖြစ်ပွားချိန်မှာ မုံးကိုးဒေသခံ ကျေးရွာတွေက ပြည်သူတချို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြပြီး တိမ်းရှောင်ချိန်မရတဲ့ ရွာသားတွေကတော့ နေအိမ်တွေထဲမှာပဲ ပုန်းနေရတယ်လို့ဆိုပါတယ်။ 

ရွာအချို့ကို အဆက်အသွယ်မရသေးတာကြောင့် ထိခိုက်ဆုံးရှုံးမှု မသိရသေးဘူးလို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

"သူတို့ ဗုံးခို ကတုတ်ကျင်းထဲမှာပဲ ရှိနေတယ် ထင်တယ်။ ဖုန်းဆက်လို့ မရဘူး။"

မုံးကိုးမြို့နယ်မှာ အခုနှစ် ကိုးကန့် MNDAA နဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီက ပထမဆုံးအကြိမ် လေလေကြောင်းအသုံးပြု ထိုးစစ်ဆင် ဗုံးကြဲတိုက်ခိုက်လာတာပါ။

1 year Ago
Up