close

မုံးကိုးမြို့နယ် MNDAA တပ်စခန်းနေရာများကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက် (ရုပ်သံ)

ရှမ်းပြည်နယ်၊ မုံးကိုးမြို့နယ်မှာ ဒီဇင်ဘာ ၁၃ ရက်က ကိုးကန့် MNDAA တပ်စခန်းရှိတဲ့ နေရာတွေကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံ မျက်မြင်တွေနဲ့ ကိုးကန့်သတင်းအရ သိရပါတယ်။

"ဖောင်းဆိုင်ဒေသ ဘန်မွေး၊ မန်းယန် ရွာတွေဘက် မနက်  ၁၁ နာရီခွဲ ဝန်းကျင်က စစ်ကောင်စီဘက်က ဂျက်လေယာဉ် နှစ်စီးနဲ့ လာရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ခုဂျက်လေယာဉ် တစီးထပ်တက်လာတယ်" လို့ မျက်မြင်ဒေသခံက  ပြောပါတယ်။

မုံးကိုးဖောင်းဆိုင်ဒေသအပြင် မုံးကိုး ဘန်လုမ်းတောင်၊ နမ့်ဟာ တအာင်း ပလောင်ရွာ ဘက်လည်း တိုင်ပွဲပြင်းထန်နေပြီး မုံးကိုး ပန်ဂျုံဘက်မှာလည်း စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံ နောက်တဦးက ပြောပါတယ်။

"ဖောင်းဆိုင်တိုက်ပွဲက မနေ့ ၁ နာရီအထိ ပြင်းပြင်း ထန်ထန်တိုက်နေဆဲပဲ။  စစ်ကောင်စီတပ်က ဂျက်လေယာဉ်နဲ့ နှစ်ခါ လာပစ်တယ်။ မုံးကိုးမြို့ ခရစ်ယာန် သင်္ချိုင်းနားက ပန်ဂျုံရွာဘက်မှာလည်း တိုက်ပွဲဖြစ်ပြီး ဂျက်လေယာဉ်နဲ့ ဗုံးလာကြဲတယ်။" 

ဒီဇင်ဘာ ၁၃ ရက်နေ့မှာ စစ်ကောင်စီတပ်က မုန်းကိုးခရိုင် MNDAA (ကိုးကန့်) ထိန်းချုပ်နယ်မြေ ထိုးစစ်ဆင်နေတဲ့အတွက် နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ကိုးကန့်သတင်းမှာ ဖော်ပြထားပါတယ်။

တိုက်ပွဲဖြစ်ပွားချိန်မှာ မုံးကိုးဒေသခံ ကျေးရွာတွေက ပြည်သူတချို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြပြီး တိမ်းရှောင်ချိန်မရတဲ့ ရွာသားတွေကတော့ နေအိမ်တွေထဲမှာပဲ ပုန်းနေရတယ်လို့ဆိုပါတယ်။ 

ရွာအချို့ကို အဆက်အသွယ်မရသေးတာကြောင့် ထိခိုက်ဆုံးရှုံးမှု မသိရသေးဘူးလို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

"သူတို့ ဗုံးခို ကတုတ်ကျင်းထဲမှာပဲ ရှိနေတယ် ထင်တယ်။ ဖုန်းဆက်လို့ မရဘူး။"

မုံးကိုးမြို့နယ်မှာ အခုနှစ် ကိုးကန့် MNDAA နဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီက ပထမဆုံးအကြိမ် လေလေကြောင်းအသုံးပြု ထိုးစစ်ဆင် ဗုံးကြဲတိုက်ခိုက်လာတာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up