close

မူဆယ်မြို့

close

January 11, 2023

ကိုဗစ်-၁၉ ရောဂါကြောင့် တရုတ်နယ်စပ်ဂိတ်ကို အများဆန္ဒနှင့်အညီ ယာယီပိတ်ထားခြင်းဖြစ်ဟု ကုန်သည်များပြော

တရုတ်အစိုးရ နယ်စပ်ကုန်သွယ်ရေးကို ဖွင့်လှစ်လိုက်ပေမဲ့ တကျော့ပြန် ခေါင်းထောင်လာတဲ့ ကိုဗစ်-၁၉ ရောဂါအခြေအနေကြောင့် မြန်မာဘက်အခြမ်းက နယ်စပ်ဂိတ်ကို ယာယီပိတ်ထားဖို့ အများဆန္ဒနဲ့အညီ ဆုံးဖြတ်ထားတယ်လို့  မူဆယ်မြို့နေ ကုန်သည်တွေက ပြောပါတယ်။

တရုတ်အစိုးရက တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးမှာ အရေးပါတဲ့ နယ်စပ်ဂိတ်ပေါက် ၄ ခုကို ဇန်နဝါရီ ၈ ရက်နေ့ကစပြီး တပြိုင်တည်းဖွင့်လှစ်မည့်အကြောင်း မြန်မာဘက် တာဝန်ရှိသူတွေထံ ဇန်နဝါရီ ၂ ရက်နေ့က စာပို့ အကြောင်းကြားလာပါတယ်။

ဒါပေမဲ့ တရုတ်ဘက်မှာ တကျော့ပြန် ခေါင်းထောင်လာတဲ့ ကိုဗစ်-၁၉ ရောဂါကြောင့် မြန်မာဘက်အခြမ်းက နယ်စပ်ဂိတ်ကို ယာယီပိတ်ထားဖို့ အများဆန္ဒနဲ့ အညီ မြန်မာကုန်သည်တွေက စည်းဝေး ဆုံးဖြတ်ခဲ့ပါတယ်။

အစည်းအဝေးကို ကိုယ်တိုင်တက်ရောက်ခဲ့တဲ့ မူဆယ်မြို့နေ ကုန်သည်ကြီးတဦးက “မြန်မာပြည်ဘက်က တာဝန်ရှိတဲ့ သူတွေ အပါအဝင် ကုန်သည်တွေနဲ့ ပြည်သူတွေက ဇန်နဝါရီ ၇ ရက်နေ့မှာ နယ်စပ်ဂိတ် ဖွင့်ဖို့ မဖွင့်ဖို့အတွက် အစည်းအဝေးတခု လုပ်ခဲ့ကြတယ်။ အစည်းအဝေးမှာ ဘာဆုံးဖြတ်ခဲ့လဲဆို  ရွှေလီမှာ နေထိုင်တဲ့ လူဦးရေ ၈၅ ရာခိုင်နှုန်းက ကိုဗစ်ရောဂါ ကူးစက်ခံထားရတယ်။ အဲ့တော့ ဇန်နဝါရီ ၈ ရက်နေ့မှာ ဂိတ်ဖွင့်လိုက်မယ်ဆိုရင် ဖွင့်လိုက်တာနဲ့ လူက ထောင်နဲ့ချီပြီး အဝင်အထွက်က ရှိလာတော့မယ်။ ဝင်လာတဲ့ ဒီလူတွေကို ကိုဗစ် ရှိ မရှိ ဘယ်လို စစ်မလဲ။ ပြီးတော့ ဘာတွေ ကြိုတင်ကာကွယ်မှုတွေ လုပ်မကြလဲ။ ဘာတွေ ပြင်ဆင်ထားကြသလဲ ဆိုတော့ ကျနော်တို့ဘက်မှာ ဘာမှ မပြင်ဆင်ရသေးဘူး။ ကျန်းမာရေးဝန်ထမ်းတွေကလည်း အလုံအလောက် မရှိဘူး။ အဲ့တော့ ထိထိရောက်ရောက် ဘယ်လို စစ်ဆေးကြမလဲ။ ဒီအကြောင်းကြောင်းတွေကြောင့် ကျနော်တို့က ကျန်းမာရေးကို ရှေးရှုပြီးတော့ နယ်စပ်ဂိတ်ကို ယာယီ ဆက်လက် ပိတ်ထားဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ ဒါကိုလည်း တရုတ်နိုင်ငံဆီ အကြောင်းကြားထားပြီး ဖြစ်တယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

တရုတ်အစိုးရက မူဆယ်နဲ့ ထိစပ်နေတဲ့ နယ်စပ်ကုန်သွယ်ရေးဂိတ်ပေါက်ကို လပေါင်း အတန်ကြာ ပိတ်ထားခဲ့တဲ့ အကျိုးဆက်ကြောင့် မူဆယ်မှာ အလုပ်လက်မဲ့ဦးရေ များစွာ ရှိခဲ့ရပါတယ်။ ဒါပေမဲ့ လက်ရှိအခြေအနေက အလုပ်အကိုင် ရရှိဖို့ထက် ကျန်းမာရေး ပြဿနာက ဦးစားပေး အဆင့်ဖြစ်တယ်လို့ မူဆယ်နယ်စပ်ကုန်သည်များအသင်းက မှတ်ချက်ပေးပါတယ်။

“မူဆယ်မှာ ရှိတဲ့သူတွေက တဘက်နိုင်ငံ ရွှေလီမြို့ကို မှီခိုပြီး အလုပ်လုပ်နေကြရတာ။ တကယ်လို့ မူဆယ်ဂိတ်ကို ဖွင့်လိုက်လို့ရှိရင် မူဆယ်ကနေ တနေ့ကို ရာနဲ့ချီတဲ့ အလုပ်သမားတွေက တဘက်နိုင်ငံ ရွှေလီမြို့ဆီ ထွက်ကြမှာလေ။ ဘာလို့လဲဆိုတော့ တရုတ်ဘက်က ပြီးခဲ့တဲ့ ၃၊ ၄လ လောက်က ပိတ်လိုက်ကတည်းက အလုပ်လက်မဲ့တွေ ဒီမှာ ဖြစ်နေ ကြတာ။ အဲ့တော့ တဖက်မှာ မြန်မာဘက်က ဂိတ်ကို ဖွင့်လိုက်လို့ ရှိရင် ဒီလူတွေက အလုပ်တော့ ပြန်ရမယ်။ ဒါပေမဲ့ ကျန်းမာရေးအရ ဆိုးဆိုး ဝါးဝါး ဖြစ်လာခဲ့လို့ ရှိရင် ဘယ်လိုလုပ်ကြမလဲ။ မူဆယ်မှာ လက်ရှိအခြေအနေက ကိုဗစ်နဲ့ ပတ်သတ်ပြီး ဇီးရိုး အဆင့်ပဲရှိတာလေ။ တကယ်လို့ ဖွင့်လိုက်တာနဲ့ တပတ်အတွင်းမှာ မူဆယ်မြို့ တမြို့လုံး ပြန့်သွားမှာ။ ဒါကြောင့် ဂိတ်မဖွင့်ရခြင်း ဖြစ်တယ်။ ဂိတ်တွေပိတ်ထားတော့ စီးပွားရေးရှုထောင့်အရ ကြည့်ရင်တော့ နစ်နာတာပေါ့။ ကျနော်တို့ မူဆယ်ဘက်အခြမ်းက မန့်ဝိန်းဂိတ် တခုတည်းတင် ကုန်တင်ကား အစီးရေ ၄၀၀ နဲ့ ၅၀၀ နေ့စဉ် အဝင်အထွက် ရှိတာနော်။ ကိုဗစ်ဖြစ်ခဲ့တဲ့ ၂၀၂၀ မတ်လ ကတည်းက အဲ့ဒီဂိတ်ကို ပိတ်ထားခဲ့တာ ကုန်သွယ်မှုက တဝက်လောက် ထိုးဆင်းသွားခဲ့ရတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံ စီးပွားကူးသန်းဝန်ကြီးဌာနက ထုတ်ပြန်တဲ့အချက်အလက်တွေအရ မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှုက ၂၀၂၀-၂၁ ဘဏ္ဍာနှစ်မှာ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၅၄၆၈ ဒသမ ၄၁၂ သန်း  ရရှိခဲ့ပြီး ၂၀၂၁-၂၂ ဘဏ္ဍာနှစ်မှာတော့ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၃၁၂၆ ဒသမ ၉၆၃ သန်းသာ ရှိတဲ့အတွက် ကုန်သွယ်မှုပမာဏဟာ ထက်ဝက်ခန့် လျှော့ကျမှုရှိတာ တွေ့ရပါတယ်။

10 mins Ago

မူဆယ်မြို့တွင် ၁၃ နှစ်အရွယ် မိန်းကလေး ၁ ဦး ပြန်ပေးဆွဲခံရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်နယ်စပ်မြို့မှာ ဇန်နဝါရီ ၁၀ ရက် မနက် ၅ နာရီခွဲလောက်က တရုတ်ကျောင်းတက်တဲ့ ၁၃ နှစ်အရွယ် မိန်းကလေး ပြန်ပေးဆွဲခံရကြောင်း မျက်မြင် ဒေသခံတွေက ပြောပါတယ်။

“ကျမမျက်စိရှေ့တင် ဖြစ်သွားတာ။ ကလေးအမေကို သနားပါတယ်။ သူ့အမေက ဆိုင်ကယ်ကို အိမ်ထဲကနေ တွန်းအလာ အဲဒီကျောင်းသူလေးက တံခါးဖွင့်ပြီး အပြင်မှာ ရပ်စောင့်နေတုန်း အဖြူရောင်ကားနဲ့ လူ ၂ ယောက်က ကားပေါ်ဆွဲတင်သွားတာ” လို့ မျက်မြင် ခေါက်ဆွဲဆိုင်ရှင် အမျိုးသမီးတဦးက ပြောပါတယ်။

အဲဒီခေါက်ဆွဲဆိုင်မှာ ခေါက်ဆွဲလာစားနေတဲ့ အမျိုးသားတဦးက “တင်သွားတဲ့အချိန်မှာ သူ့အမေကလည်း အဲမှာ ငယ်သံပါအောင်အော်ပြီး လိုက်တာကို မကြည့်ရက်လို့ ဆိုင်ကယ်နဲ့လိုက်ပေမဲ့ သူတို့က ကားဆိုတော့ မမီဘူးပေါ့။ မမီဘဲနဲ့လည်း သူက ဆိုင်ကို တန်းလာလိုက်တာပေါ့” လို့ ပြောပါတယ်။

ဒီအဖြစ်အပျက်ဟာ မူဆယ် ဈေးရပ်ကွက်၊ မူဆယ်မြို့နယ် စည်ပင်သာယာရုံးဘက်နားက အိမ်တအိမ်မှာ ဖြစ်သွားတာလို့ ဆိုပါတယ်။

ကလေးကို လာဖမ်းတဲ့သူတွေက အဲဒီအိမ်နားမှာ ရစ်သီရစ်သီလုပ်နေတာ တပတ်ရှိနေပြီ ဖြစ်ပေမဲ့ ကလေးစီးတဲ့ ဘက်ထရီဆိုင်ကယ်ကို လုချင်နေတာထင်လို့ ကလေးစီးနေကျ ဘီးကိုသိမ်းပြီး ကလေးအမေကိုယ်တိုင် ကျောင်းလိုက်ပို့နေတာ သုံးရက်ရှိပြီလို့ အဲဒီမျက်မြင်တွေပြန်မေးချိန် ကလေးရဲ့အမေက ပြောပြတယ်လို့ ဆိုပါတယ်။

ကလေးရဲ့အမည်၊ အတန်း၊ မိဘအမည်နဲ့ အိမ်နံပါတ်ကိုတော့ မေးဖို့ မေ့သွားကြတယ်လို့ အဲဒီမျက်မြင်တွေက ပြောပါတယ်။

မူဆယ်မှာ တရုတ်ကျောင်းတက်နေတဲ့ကလေးကို ပြန်ပေးဆွဲတာ အခုပညာသင်နှစ်မှာ နှစ်ကြိမ်ရှိနေပြီလို့ ဒေသခံတွေက ပြောပါတယ်။

တရုတ်ကျောင်းက ကောင်းနောင်ရပ်ကွက်မှာရှိပြီး ပြီးခဲ့တဲ့ ၂၀၂၂ အောက်တိုဘာ ၁၄ ရက်ကလည်း မူဆယ် ခရစ်ယာန်ရပ်ကွက်မှာ အသက် ၇ နှစ်ခန့်အရွယ် တရုတ်ကျောင်းတက်တဲ့ကလေးကို အိမ်ဖော်က ကျောင်းလိုက်ပို့နေချိန် ပြန်ပေးဆွဲခံခဲ့ရတာလို့ ရပ်ကွက်နေ ပြည်သူတဦးက ပြောပါတယ်။

“ဒါ ဒုတိယအကြိမ်နော်။ ပထမအကြိမ်တုန်းကလည်း ကလေးလေးတယောက်ကို တရုတ်ငွေ ၅ သိန်းနဲ့ ရွေးရတာ။ အခု ဒီကလေးလေးက ဘာမှ ဖုန်းဆက်လာတာလည်း မရှိသေးဘူးတဲ့။ ပထမအကြိမ်တုန်းက နှစ်ရက်အတွင်းပြန်ရတာပါ။ ဖမ်းပြီးနောက်တရက်။”

အခုလို ကလေးတွေ ပြန်ပေးဆွဲခံရတာတွေ ပြန်ဖြစ်လာတာကြောင့် စိုးရိမ်နေကြရတယ်လို့ ဒေသခံ ကလေးမိဘတွေက ပြောပါတယ်။

ဒေသခံတဦးက “ပြည်သူတွေကတော့ တရားဥပဒေစိုးမိုးမှုကို လိုချင်တာပေါ့ဗျာ” လို့ ပြောပါတယ်။

နမ့်ခမ်းမြို့၊ အောင်‌မေတ္တာရပ်ကွက်မှာလည်း ပြီးခဲ့တဲ့ ၂၀၂၂ ဇူလိုင် ၁၁ ရက် မနက်ပိုင်း တရုတ်ကျောင်းကပြန်လာတဲ့ အသက် ၁၂ နှစ်အရွယ် ကလေးတဦးကို လူတစုက သိန်း ၃၀၀ နဲ့ ပြန်ပေးဆွဲပြီး ပြန်ညှိနှိုင်းကာ သိန်း ၃၀ နဲ့ နမ့်ဖတ်ကာဘက်မှာ သွားရွေးခဲ့ရဖူးပါတယ်။

၂၀၂၂ ခုနှစ် မတ်လကလည်း ကွတ်ခိုင်မြို့၊ ရပ်ကွက် ၃ က အသက် ၉ နှစ်အရွယ် တရုတ်ကလေး ၁ ဦးကို လူတစုက ဖမ်းဆီးခေါ်ဆောင်သွားပြီး သိန်းထောင်ချီနဲ့ ပြန်ရွေးခိုင်းပေမဲ့ မိဘ‌တွေ ပိုက်ဆံပေးချိန်မှာတော့ ကလေးကို သတ်ပြီးဖြစ်နေတာ ရှိခဲ့ပါသေးတယ်။

ဒါ့အပြင် မူဆယ်ခရိုင်အတွင်း လူကြီးတွေကိုလည်း အုပ်စုဖွဲ့ ပြန်ပြေးဆွဲကာ ခြိမ်းခြောက် ငွေညှစ်တဲ့ သတင်းတွေ မကြာခဏ ထွက်ပေါ်နေတာပါ။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၂၃ ရက်ကလည်း မူဆယ်မြို့၊ ကောင်းမူးလွယ် မိုးပြာဟိုတယ်အနီးက ဖုန့်ခုံး ဆေးခန်းပိုင်ရှင် ၁ ဦးကို လူတစုက ၁၀ ရက်အတွင်း သိန်း ၄၀ ပေးဖို့၊ ဆက်သွယ်ရန် ဖုန်းနံပါတ် 09661376391 ပါ ခြိမ်းခြောက်စာနဲ့ ကျည်တတောင့်ပါ ပို့ထားပေမဲ့ အဲဒီငွေကို အချိန်မီ မပေးနိုင်တာကြောင့် ပြန်ပေးဆွဲခံခဲ့ရတာရှိသလို ၂၀၂၂ အောက်တိုဘာလမှာပဲ မူဆယ်က မုန့်ဆိုင်ပိုင်ရှင် အမျိုးသားတဦး ပြန်ပေးဆွဲခံရကာ သိန်း ၅၀၀ နဲ့ ပြန်ရွေးခဲ့ရတာလည်း ရှိခဲ့ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်မှာပဲ မူဆယ်မြို့နယ်မှာရှိတဲ့ တီးမရွာက အမျိုးသားတဦးကို လူတစုက ပြန်ပေးဆွဲပြီး သိန်း ၅၀၀ နဲ့ ပြန်ရွေးခဲ့ရတာရှိတယ်လို့ ရွာခံတဦးက ပြောပါတယ်။

စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ မူဆယ်ခရိုင်အတွင်း ပြန်ပေးဆွဲ ခြိမ်းခြောက် ငွေညှစ်တာတွေ၊ လုယက် ဓားပြတိုက် လူသတ်မှုတွေ၊ ခိုးမှုတွေ ပိုမိုများပြားလာနေတာ တွေ့ရပေမဲ့ သက်ဆိုင်ရာဌာနတွေအနေနဲ့ အရေးယူဖော်ထုတ်နိုင်တာ မရှိသလောက်ဖြစ်ပါတယ်။

6 hours Ago

October 21, 2022

မူဆယ်မြို့နယ်တွင် ပစ်ခတ်မှုများဖြစ်ပွား

ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့စွန် စွမ်စော်ရပ်ကွက်ဘက်မှာ အောက်တိုဘာ ၂၁ ရက် ဒီကနေ့မနက်စောစောက ပစ်ခတ်တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ မြို့ခံတွေထံက သိရပါတယ်။

ဒီမနက် ၄ နာရီကျော်မှ ၅ နာရီခွဲလောက်အထိ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး လက်နက်ကြီး လက်နက်ငယ်အသံတွေပါ ကြားရကြောင်း ဘယ်အဖွဲ့တွေက ပစ်ခတ်ကြသလဲ ဆိုတာတော့ မသိရဘူးလို့ မူဆယ်မြို့ပေါ် ဒေသခံတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။ 

“ကနေ့မနက် ၄ နာရီကျော်ကစပြီး မူဆယ်အနောက်မြောက်ဘက်  စွမ်စော်နဲ့ မန့်မိုင်ရွာတွေဘက်ကနေ အသံတွေ ကြားရတာပါခင်ဗျ။ သေနတ်သံတွေက အကျယ်ကြီးပဲ မူဆယ်မြို့ပေါ်ကနေတောင် ကြားရတယ်။ မနက် ၅ နာရီခွဲလောက်မှ ငြိမ်သွားတယ်။”

လက်နက်ကြီးသံတွေပါ ကြားရတာကြောင့် မြန်မာစစ်တပ်ပါ ပါနိုင်ကြောင်း ၊ ပြီးခဲ့တဲ့ ရက်ပိုင်းက အမှတ် ၄၁၂ တပ်ရင်းမှူး ၁ ဦး အပစ်ခံရတာရဲ့ ‌နောက်ဆက်တွဲလည်း ဖြစ်နိုင်တယ်လို့ ဒေသခံက ခန့်မှန်းပြောဆိုပါတယ်။

စွမ်စော်ရပ်ကွက်ထဲမှာရှိတဲ့ မြို့မပြည်သူ့စစ်အဖွဲ့ဝင်ရဲ့ အိမ်ကို TNLA ပလောင်တပ်တွေ ဝင်ပစ်တာဖြစ်ပြီး နှစ်ဘက်ပစ်ခတ်မှုကြောင့် လူနေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ နောက်ဒေသခံတယောက်က ပြောပါတယ်။ 

ဒီလို ပြောဆိုချက်တွေနဲ့ပတ်သက်ပြီး TNLA ဘက်ကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားပေမယ့် မရသေးပါဘူး။

မူဆယ်မြို့နယ်ထဲမှာ မြန်မာစစ်တပ်အပြင် ပြည်သူ့စစ် ၊ KIA ကချင်တပ် ၊ TNLA ပလောင်တပ် ၊ SSPP ရှမ်းတပ်တွေ လှုပ်ရှားနေပြီး တဖွဲ့နဲ့ တဖွဲ့ကြားမှာလည်း နယ်မြေစိုးမိုးရေးနဲ့ ဆက်ကြေး အပြိုင်အဆိုင်ကောက်တဲ့ပြဿနာတွေလည်း ရှိနေတယ်လို့ ဒေသခံက ပြောပါတယ်။

ဟိုမွန်ရပ်ကွက်နေ ပြည်သူတယောက်ကတော့ မူဆယ်မှာ အခုလိုပစ်ခတ်မှုတွေ မကြာခဏ ဖြစ်နေလို့ နေသားကျသလိုတောင် ဖြစ်နေကြောင်း၊ ဒီကြားထဲ ခိုးဆိုးလုယက်ဓားပြတိုက် ပြန်ပေးဆွဲတာတွေလည်း ရှိနေလို့ အိမ်တိုင်းလို သတိဝီရိယနဲ့ နေနေကြရတယ်လို့ ပြောပါတယ်။

3 months Ago
Up