close

မူဆယ်မြို့နယ်တွင် ပစ်ခတ်မှုများဖြစ်ပွား

ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့စွန် စွမ်စော်ရပ်ကွက်ဘက်မှာ အောက်တိုဘာ ၂၁ ရက် ဒီကနေ့မနက်စောစောက ပစ်ခတ်တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ မြို့ခံတွေထံက သိရပါတယ်။

ဒီမနက် ၄ နာရီကျော်မှ ၅ နာရီခွဲလောက်အထိ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး လက်နက်ကြီး လက်နက်ငယ်အသံတွေပါ ကြားရကြောင်း ဘယ်အဖွဲ့တွေက ပစ်ခတ်ကြသလဲ ဆိုတာတော့ မသိရဘူးလို့ မူဆယ်မြို့ပေါ် ဒေသခံတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။ 

“ကနေ့မနက် ၄ နာရီကျော်ကစပြီး မူဆယ်အနောက်မြောက်ဘက်  စွမ်စော်နဲ့ မန့်မိုင်ရွာတွေဘက်ကနေ အသံတွေ ကြားရတာပါခင်ဗျ။ သေနတ်သံတွေက အကျယ်ကြီးပဲ မူဆယ်မြို့ပေါ်ကနေတောင် ကြားရတယ်။ မနက် ၅ နာရီခွဲလောက်မှ ငြိမ်သွားတယ်။”

လက်နက်ကြီးသံတွေပါ ကြားရတာကြောင့် မြန်မာစစ်တပ်ပါ ပါနိုင်ကြောင်း ၊ ပြီးခဲ့တဲ့ ရက်ပိုင်းက အမှတ် ၄၁၂ တပ်ရင်းမှူး ၁ ဦး အပစ်ခံရတာရဲ့ ‌နောက်ဆက်တွဲလည်း ဖြစ်နိုင်တယ်လို့ ဒေသခံက ခန့်မှန်းပြောဆိုပါတယ်။

စွမ်စော်ရပ်ကွက်ထဲမှာရှိတဲ့ မြို့မပြည်သူ့စစ်အဖွဲ့ဝင်ရဲ့ အိမ်ကို TNLA ပလောင်တပ်တွေ ဝင်ပစ်တာဖြစ်ပြီး နှစ်ဘက်ပစ်ခတ်မှုကြောင့် လူနေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ နောက်ဒေသခံတယောက်က ပြောပါတယ်။ 

ဒီလို ပြောဆိုချက်တွေနဲ့ပတ်သက်ပြီး TNLA ဘက်ကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားပေမယ့် မရသေးပါဘူး။

မူဆယ်မြို့နယ်ထဲမှာ မြန်မာစစ်တပ်အပြင် ပြည်သူ့စစ် ၊ KIA ကချင်တပ် ၊ TNLA ပလောင်တပ် ၊ SSPP ရှမ်းတပ်တွေ လှုပ်ရှားနေပြီး တဖွဲ့နဲ့ တဖွဲ့ကြားမှာလည်း နယ်မြေစိုးမိုးရေးနဲ့ ဆက်ကြေး အပြိုင်အဆိုင်ကောက်တဲ့ပြဿနာတွေလည်း ရှိနေတယ်လို့ ဒေသခံက ပြောပါတယ်။

ဟိုမွန်ရပ်ကွက်နေ ပြည်သူတယောက်ကတော့ မူဆယ်မှာ အခုလိုပစ်ခတ်မှုတွေ မကြာခဏ ဖြစ်နေလို့ နေသားကျသလိုတောင် ဖြစ်နေကြောင်း၊ ဒီကြားထဲ ခိုးဆိုးလုယက်ဓားပြတိုက် ပြန်ပေးဆွဲတာတွေလည်း ရှိနေလို့ အိမ်တိုင်းလို သတိဝီရိယနဲ့ နေနေကြရတယ်လို့ ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up