မွန်ပြည်နယ်၊ ရေးမြို့၊ အောင်မင်္ဂလာရပ်ကွက် အမှတ်(၅) မူလွန်ကျောင်းမှာ ပညာသင်ကြားနေတဲ့ ကျောင်းသား ကျောင်းသူ ၄ ယောက် ဇန်နဝါရီ ၈ ရက်မှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံနေရတာကို စစ်ဆေးတွေ့ရှိတယ်လို့ မြို့ခံ ပရဟိတသမားတဦးက ပြောပါတယ်။
အမှတ် (၅) အခြေခံမူလတန်းလွန်ကျောင်းမှာ ကလေးငယ်တယောက် ဆော့ကစားရာက မျက်ခုံးကွဲပြီး မော်လမြိုင်ဆေးရုံသို့ တက်ရောက် ကုသစဉ် ဆေးစစ်ချက်အရ ကိုဗစ်-၁၉ ရောဂါပိုး စတင်တွေ့ရှိရလို့ အတန်းဖော်ကလေးတွေ ဆက်လက်စစ်ဆေးရာမှာ ကျန် ၃ ယောက်မှာလည်း ရောဂါ စစ်ဆေးတွေ့ရှိခဲ့တာဖြစ်ပါတယ်။
ရောဂါကူးစက်ခံရတဲ့ ကျောင်းသူကျောင်းသား ၄ ယောက်ဟာ KG 1 Grade 3 မှာ ပညာသင်ယူနေသူတွေဖြစ်ပြီး ချောင်းတောင်ကျေးရွာက ၁ ယောက်၊ အောင်မင်္ဂလာရပ်ကွက်က ၃ ယောက်တို့ ဖြစ်ကြပါတယ်။
လတ်တလော ကိုဗစ်ပိုး စတင်တွေ့တာနဲ့ အဆိုပါ ကျောင်းရှိ စာသင်ခန်းကို ယာယီပိတ်ထားတယ်လို့ ပရဟိတအဖွဲ့ကနေ သိရပါတယ်။ ပိုးတွေ့ကျောင်းသားကျောင်းသူတွေနဲ့ ထိစပ်ဆက်နွှယ်ထားတဲ့ ကျန်တဲ့ ကျောင်းသားတွေကိုလည်း ရေးမြို့ ဆေးရုံမှာ သတ်မှတ်ထားတဲ့ နေရာမှာ ထားပြီးဖြစ်ပါတယ်။
ရေးမြို့နယ်အတွင်း ကိုဗစ်ရောဂါအခြေအနေမှာ ယနေ့အထိ ပိုးတွေ့ရှိသူပေါင်း ၁၈၉၆ ဦးရှိပြီး ယနေ့ထိ ဆေးရုံမှာ သေဆုံးသူပေါင်း ၁၄၂ ဦး ရှိကာ နေအိမ်တွင် သေဆုံးသူပေါင်း ၃၂ ဦးအထိ ရှိနေပါတယ်။
ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်မှာ ဇွန်လ ၃ ရက် ညပိုင်းက မူလွန်ကျောင်း ၁ ကျောင်းမီးလောင်ပြာကျသွားပါတယ်။
ထိန်ကုလားကုန်းကျေးရွာအုပ်စု၊ ပေါ်တော်မူကျေးရွာက မူလတန်းလွန်ကျောင်းမှာ ည ၁၁ နာရီလောက်က မီးလောင်ခဲ့တာကြောင့် ကျောင်းဆောင်တစ်ခုလုံး မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
"ဘာကြောင့်လောင်သလဲ အကြောင်းအရင်းတော့ မသိရသေးဘူး။ မီးလောင်လို့ ကျောင်းဆောင်တစ်ခုလုံး ပျက်စီးသွားတယ်"လို့ ပေါ်တော်မူကျေးရွာက ဒေသခံတွေက ပြော ပါတယ်။
ညမထွက်အရအချိန်မီးလောင်ခဲ့တဲ့ စာသင်ကျောင်းဟာ ပျဉ်ထောင် သွပ်မိုးဖြစ်ပြီး ဒီကနေ့ မနက်ပိုင်းမှာ လက်နက်ကိုင်တပ်တွေက လာရောက်စစ်ဆေးနေပါတယ်။
မီးလောင်ခဲ့တဲ့ မူလတန်းလွန်ကျောင်းမှာ ကျောင်းသား ၉ဝ ကျော်ရှိပြီး ကျောင်းတက်သူမရှိတဲ့အတွက် ကျောင်းမဖွင့်ဘဲ ပိတ်သိမ်းထားရတဲ့ကျောင်းလည်းဖြစ်ပါတယ်။
နိုင်ငံဝန်း စာသင်ကျောင်းတွေမှာ ရဲနဲ့စစ်တပ်တွေ၊ စစ်ကောင်စီဩဇာခံ ပျူစောထီး အရပ်ဖက်လုံခြုံ ရေးအဖွဲ့တွေက တပ်စွဲလုံခြုံရေးယူထားတာဖြစ်ပြီး ညမထွက်ရသတ်မှတ်ထားလို့ ပြည်သူတွေ အများစု အပြင်မထွက်ချိန်မှာ ခုလို မီးလောင်မှုတွေ ဗုံးခွဲမှုတွေ ဖြစ်ပွားနေတာပါ။