close

ရေးမြို့ မူလွန်ကျောင်းမှ ကျောင်းသား ကျောင်းသူ ၄ ဦး ကိုဗစ်-၁၉ ကူးစက်

မွန်ပြည်နယ်၊ ရေးမြို့၊ အောင်မင်္ဂလာရပ်ကွက် အမှတ်(၅) မူလွန်ကျောင်းမှာ ပညာသင်ကြားနေတဲ့ ကျောင်းသား ကျောင်းသူ ၄ ယောက် ဇန်နဝါရီ ၈ ရက်မှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံနေရတာကို စစ်ဆေးတွေ့ရှိတယ်လို့  မြို့ခံ ပရဟိတသမားတဦးက ပြောပါတယ်။

အမှတ် (၅) အခြေခံမူလတန်းလွန်ကျောင်းမှာ ကလေးငယ်တယောက် ဆော့ကစားရာက မျက်ခုံးကွဲပြီး မော်လမြိုင်ဆေးရုံသို့ တက်ရောက် ကုသစဉ် ဆေးစစ်ချက်အရ ကိုဗစ်-၁၉ ရောဂါပိုး စတင်တွေ့ရှိရလို့ အတန်းဖော်ကလေးတွေ ဆက်လက်စစ်ဆေးရာမှာ ကျန် ၃ ယောက်မှာလည်း  ရောဂါ စစ်ဆေးတွေ့ရှိခဲ့တာဖြစ်ပါတယ်။

ရောဂါကူးစက်ခံရတဲ့ ကျောင်းသူကျောင်းသား ၄ ယောက်ဟာ  KG 1 Grade 3 မှာ ပညာသင်ယူနေသူတွေဖြစ်ပြီး  ချောင်းတောင်ကျေးရွာက ၁ ယောက်၊ အောင်မင်္ဂလာရပ်ကွက်က ၃ ယောက်တို့  ဖြစ်ကြပါတယ်။

လတ်တလော ကိုဗစ်ပိုး စတင်တွေ့တာနဲ့ အဆိုပါ ကျောင်းရှိ စာသင်ခန်းကို ယာယီပိတ်ထားတယ်လို့  ပရဟိတအဖွဲ့ကနေ သိရပါတယ်။ ပိုးတွေ့ကျောင်းသားကျောင်းသူတွေနဲ့ ထိစပ်ဆက်နွှယ်ထားတဲ့ ကျန်တဲ့ ကျောင်းသားတွေကိုလည်း ရေးမြို့ ဆေးရုံမှာ သတ်မှတ်ထားတဲ့ နေရာမှာ ထားပြီးဖြစ်ပါတယ်။

ရေးမြို့နယ်အတွင်း ကိုဗစ်ရောဂါအခြေအနေမှာ ယနေ့အထိ ပိုးတွေ့ရှိသူပေါင်း ၁၈၉၆ ဦးရှိပြီး ယနေ့ထိ ဆေးရုံမှာ သေဆုံးသူပေါင်း ၁၄၂ ဦး ရှိကာ နေအိမ်တွင် သေဆုံးသူပေါင်း ၃၂ ဦးအထိ ရှိနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up