စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် တာတိုင်ကျေးရွာသား ၁၇ ယောက်ကို ဒီဇင်ဘာ ၃ ရက်မှာ စစ်ကောင်စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားရာ ဒီဇင်ဘာ ၇ ရက်က တစ်ဦး ပြန်လည်တွေ့ရှိခဲ့ပြီး တစ်ဦးကို သေဆုံးလျက် မူးမြစ်ထဲမှ သေနတ်ဒဏ်ရာတွေနဲ့ ဆယ်ယူခဲ့ရကြောင်း ခင်ဦးကာကွယ်ရေး တပ်ဖွဲ့ကနေ သိရပါတယ်။
ခင်ဦးဒေသတွင်းကာကွယ်ရေး တပ်ဖွဲ့က တာဝန်ရှိသူက“ ဒီဇင်ဘာ ၁ ရက် ၂ ရက် နေ့လောက်က စစ်ကောင်စီတပ်က စစ်ကြောင်း ၂ ကြောင်းနဲ့ လာတာမှာ ရွှေဘိုစစ်ကြောင်းရယ် ဒီပဲယင်းစစ်ကြောင်းရယ်ကို အဲတာကို ခင်ဦးတာတိုင်ရွာက ကြားညပ်သွားပြီး စစ်ဘေးရှောင်တွေက ပါသွားတာ။ ပြန်ရောက်လာတဲ့ တစ်ယောက်က ထွက်ပြေးလာတာလို့ ပြောတယ်။ တမြန်နေ့က ပြန်ရောက်လာတယ်။ သေဆုံးတဲ့တစ်ယောက်ကတော့ မေးစေ့ကို သေနတ်မှန်ပြီး မူးမြစ်ထဲကျသွားပြီး ဒီဘက်မျောလာတော့ အဖွဲ့တွေက ဆယ်ထားတာ နောက်မှ သိတာ တာတိုင်ကလူဖြစ်နေတာပေါ့” လို့ ပြောပါတယ်။
ဒီပဲယင်းမြို့နယ်ထဲက ရွာများကို စစ်တပ်က မီးရှို့ဖျက်ဆီးပြီး စစ်ကြောင်းထိုးစဉ် အခုလို တာတိုင်ကျေးရွာသားတွေ ဖမ်းဆီးခေါ်ဆောင်သွားခံရတာပါ။ ဖမ်းဆီးခံရတဲ့ ရွာသားများထဲမှာ အသက် ၁၄ နှစ်အရွယ်မှ အသက် ၅၅ နှစ်အရွယ် ရွာခံများဖြစ်ကြောင်းလည်း သိရပါတယ်။ သေဆုံးသူမှာ အသက် ၅၅ နှစ်အရွယ်ရှိတဲ့ ဦးမန်းဖြစ်တယ်လို့ ခင်ဦး သတင်းမှန်ပြန်ကြားရေး ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
“စစ်ကြောင်းက နှစ်ကြောင်းဆိုတော့ ကျနော်က ဘယ်လိုက်ရမှန်းမသိဖြစ်နေတာ အခုကျမှ ဒီပဲယင်းစစ်ကြောင်းထဲ ပါသွားမှန်း သိရတာ သူတို့ရွာက စစ်ကြောင်း နှစ်ကြောင်းရဲ့ အလည်မှာဆိုတော့ အနောက်ဘက်စစ်ကြောင်းနဲ့ ပါသွားတာ။ ပထမကတော့ ကျနော်တို့လည်း ပျောက်တာလား သေတာလား အဖမ်းခံရတာလား သေချာမသိသေးလို့ မထုတ်ပြန်ဘဲ သေချာအောင် သိရမှ အခုလို ထုတ်ပြန်လိုက်တာပါ” လို့ ပြောပါတယ်။
ဒီဇင်ဘာ ၉ ရက် ဒီမနက် ၈ နာရီမှာလည်း ခင်ဦးမြို့နယ်ထဲက မြင်းဒေါင်းကျေးရွာမှာ စစ်ကောင်စီရဲ့ မီးရှို့ဖျက်စီးခဲ့တဲ့ နေအိမ်တွေကို ပြန်လည်သန့်ရှင်းရေး လုပ်နေကြစဉ် မူးတိမ်တံတားအနောက်ဘက် ရေသန့်စက်မှ စစ်ကောင်စစ်တပ်က ၆၀ မမ နဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ပြည်သူတွေထပ်မံ ထွက်ပြေးတိမ်းရှောင်နေရပြီး ရွာသားတစ်ဦး နားထင်ကိုသေနပ်ရှပ်ထိမှန်ခဲ့ပါတယ်။
စစ်ကိုင်းတိုင်း ရေဦး၊ ခင်ဦးနဲ့ ရွှေဘိုမြို့နယ်တွေမှာ မူးမြစ်ကို အမှီပြုထားတဲ့ ကာဘိုးဆည်ရေကို စစ်ကောင်စီက ဖြတ်တောက်ထားတဲ့အတွက် ဒေသခံတွေဟာ နွေစပါးစိုက်ဖို့ ကြီးမားတဲ့ အခက်အခဲနဲ့ ကြုံတွေ့နေရပါတယ်။
ကာဘိုးဆည်ထဲမှာ ရေအင်အား လုံလုံလောက်လောက် ရှိနေပေမဲ့ ဆည်ရေသောက် ဧရိယာတွေဆီ ရေမရောက်လာဘူးလို့ ရေဦးဒေသခံတယောက်က ပြောပါတယ်။
“စိုက်ပျိုးရေးအခြေအနေက မကောင်းဘူးဗျ။ မူးမြစ်ကရေကိုတောင် ဖြတ်ထားတယ်။ မူးရေက ဖြတ်တာက အခါတိုင်း ပုံမှန်ပေးနေကsအတိုင်း မပေးဘဲ ဟိုနည်းနည်း ဒီနည်းနည်းပဲပေးတော့ ပြွန်တွေထဲ ရေမတက်တော့ဘူး။ ပေးတယ်ဆိုရုံ ပေးတာဗျ။ စပါးစိုက်တော့ အခက်အခဲ ဖြစ်တာပေါ့။ အဓိကကတော့ ကာဘိုးဆည်ရေသောက် ဧရိယာတွေပေါ့။ ရွှေဘို၊ ခင်ဦးနယ်တွေလည်း ပါမယ်။ ကာဘိုးဆည် လက်ယာတူးမြောင်း အပိုင်းပေါ့။ မတ်လ ၂၃၊ ၂၄ လောက်ကနေ အဲဒီလို စဖြစ်တာပဲ။ အဲဒီလိုဖြစ်တာ ဘာကြောင့်လဲဆိုတာ အခုထိ အဖြေရှာမရသေးဘူးဗျ။ အရင်တုန်းက အခုလို ဖြတ်ခံရတာမျိုး မရှိဘူးဗျ။ အလှည့်ကျစနစ်နဲ့ ပေးတာမျိုးတော့ ရှိခဲ့တယ်။”
စစ်ကောင်စီက စစ်ကိုင်းတိုင်းကို ထိန်းချုပ်ဖို့ ဒေသခံကျေးရွာတွေကို ဖြတ်လေးဖြတ်စနစ် အပါအဝင် နည်းလမ်းပေါင်းစုံကို အသုံးပြုပြီး မြေလှန်စနစ်ကျင့်သုံး နှိမ်နင်းနေတာပါ။ အခုလို ဆည်ရေဖြတ်ခံထားရတဲ့အတွက် စက်နဲ့မောင်းပြီး ရေတင်နိုင်ပေမဲ့ လောင်စာဆီဈေးကြီးမှုကြောင့် အခက်အခဲရှိတယ်လို့လည်း ဒေသခံတောင်သူတွေက ပြောပါတယ်။
နွေစပါးစိုက်တောင်သူတဦးက “ကာဘိုးဆည်က ရေပေးနိုင်တဲ့ အင်အားပြည့်မှ ကျနော်တို့က နွေစပါး လုပ်ရတာကိုး။ ရေပြည့်ပြည့်ဝဝ ပေးနိုင်တယ်ဆိုမှ တောင်သူတွေကို စပါးလုပ်ခိုင်းခဲ့တာကိုး။ အခုက ဆည်ထဲမှာ ရေအင်အား ပြည့်ပြည့်ဝဝရှိတယ်။ ဘယ်လိုအကြောင်းနဲ့ ကြန့်ကြာနေတယ်တော့ မသိဘူး။ ကိုယ့်ဘာသာ စက်နဲ့မောင်းရမယ် ဆိုရင်တော့ ဆီဈေးတက်တာနဲ့ ဘာနဲ့ အခက်အခဲရှိတယ်။ ရေမလာတာကတော့ တပတ်လောက်ရှိပြီ” လို့ ပြောပါတယ်။
စစ်ကိုင်းတိုင်းအတွင်းမှာ စစ်ရေးမတည်ငြိမ်ဘဲ နေ့စဉ် တိုက်ပွဲတွေရှိနေတာ၊ အင်တာနက်နဲ့ ဖုန်းလိုင်းတွေ အဖြတ်ခံရတာ၊ ကုန်ဈေးနှုန်း အဆမတန် ကြီးမြင့်လာတာတွေကြောင့် စီးပွားရေးလုပ်ငန်းတွေ အားလုံး ရပ်ဆိုင်းလုနီးပါး ဖြစ်နေပါတယ်။
ကုလသမဂ္ဂ စားနပ်ရိက္ခာအဖွဲ့ (WFP) ကတော့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း သန်းနဲ့ချီတဲ့ မြန်မာပြည်သူတွေဟာ အငတ်ဘေးနဲ့ ကြုံတွေ့ရနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။