close

စစ်ကိုင်းတိုင်းတွင် စစ်ကောင်စီက ကာဘိုးဆည်ရေ ဖြတ်တောက်ထားသဖြင့် နွေစပါးစိုက်ရန် အခက်ကြုံ

စစ်ကိုင်းတိုင်း ရေဦး၊ ခင်ဦးနဲ့ ရွှေဘိုမြို့နယ်တွေမှာ မူးမြစ်ကို အမှီပြုထားတဲ့ ကာဘိုးဆည်ရေကို စစ်ကောင်စီက ဖြတ်တောက်ထားတဲ့အတွက် ဒေသခံတွေဟာ နွေစပါးစိုက်ဖို့ ကြီးမားတဲ့ အခက်အခဲနဲ့ ကြုံတွေ့နေရပါတယ်။

ကာဘိုးဆည်ထဲမှာ ရေအင်အား လုံလုံလောက်လောက် ရှိနေပေမဲ့ ဆည်ရေသောက် ဧရိယာတွေဆီ ရေမရောက်လာဘူးလို့ ရေဦးဒေသခံတယောက်က ပြောပါတယ်။

“စိုက်ပျိုးရေးအခြေအနေက မကောင်းဘူးဗျ။ မူးမြစ်ကရေကိုတောင် ဖြတ်ထားတယ်။ မူးရေက ဖြတ်တာက အခါတိုင်း ပုံမှန်ပေးနေကsအတိုင်း မပေးဘဲ ဟိုနည်းနည်း ဒီနည်းနည်းပဲပေးတော့ ပြွန်တွေထဲ ရေမတက်တော့ဘူး။ ပေးတယ်ဆိုရုံ ပေးတာဗျ။ စပါးစိုက်တော့ အခက်အခဲ ဖြစ်တာပေါ့။ အဓိကကတော့ ကာဘိုးဆည်ရေသောက် ဧရိယာတွေပေါ့။ ရွှေဘို၊ ခင်ဦးနယ်တွေလည်း ပါမယ်။ ကာဘိုးဆည် လက်ယာတူးမြောင်း အပိုင်းပေါ့။ မတ်လ ၂၃၊ ၂၄ လောက်ကနေ အဲဒီလို စဖြစ်တာပဲ။ အဲဒီလိုဖြစ်တာ ဘာကြောင့်လဲဆိုတာ အခုထိ အဖြေရှာမရသေးဘူးဗျ။ အရင်တုန်းက အခုလို ဖြတ်ခံရတာမျိုး မရှိဘူးဗျ။ အလှည့်ကျစနစ်နဲ့ ပေးတာမျိုးတော့ ရှိခဲ့တယ်။”

စစ်ကောင်စီက စစ်ကိုင်းတိုင်းကို ထိန်းချုပ်ဖို့ ဒေသခံကျေးရွာတွေကို ဖြတ်လေးဖြတ်စနစ် အပါအဝင် နည်းလမ်းပေါင်းစုံကို အသုံးပြုပြီး မြေလှန်စနစ်ကျင့်သုံး နှိမ်နင်းနေတာပါ။ အခုလို ဆည်ရေဖြတ်ခံထားရတဲ့အတွက် စက်နဲ့မောင်းပြီး ရေတင်နိုင်ပေမဲ့ လောင်စာဆီဈေးကြီးမှုကြောင့် အခက်အခဲရှိတယ်လို့လည်း ဒေသခံတောင်သူတွေက ‌ပြောပါတယ်။

နွေစပါးစိုက်တောင်သူတဦးက “ကာဘိုးဆည်က ရေပေးနိုင်တဲ့ အင်အားပြည့်မှ ကျနော်တို့က နွေစပါး လုပ်ရတာကိုး။ ရေပြည့်ပြည့်ဝဝ ပေးနိုင်တယ်ဆိုမှ တောင်သူတွေကို စပါးလုပ်ခိုင်းခဲ့တာကိုး။ အခုက ဆည်ထဲမှာ ရေအင်အား ပြည့်ပြည့်ဝဝရှိတယ်။ ဘယ်လိုအကြောင်းနဲ့ ကြန့်ကြာနေတယ်တော့ မသိဘူး။ ကိုယ့်ဘာသာ စက်နဲ့မောင်းရမယ် ဆိုရင်တော့ ဆီဈေးတက်တာနဲ့ ဘာနဲ့ အခက်အခဲရှိတယ်။ ရေမလာတာကတော့ တပတ်လောက်ရှိပြီ” လို့ ပြောပါတယ်။

စစ်ကိုင်းတိုင်းအတွင်းမှာ စစ်ရေးမတည်ငြိမ်ဘဲ နေ့စဉ် တိုက်ပွဲတွေရှိနေတာ၊ အင်တာနက်နဲ့ ဖုန်းလိုင်းတွေ အဖြတ်ခံရတာ၊ ကုန်ဈေးနှုန်း အဆမတန် ကြီးမြင့်လာတာတွေကြောင့် စီးပွားရေးလုပ်ငန်းတွေ အားလုံး ရပ်ဆိုင်းလုနီးပါး ဖြစ်နေပါတယ်။

ကုလသမဂ္ဂ စားနပ်ရိက္ခာအဖွဲ့ (WFP) ကတော့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း သန်းနဲ့ချီတဲ့ မြန်မာပြည်သူတွေဟာ အငတ်ဘေးနဲ့ ကြုံတွေ့ရနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up