ဥရောပကွန်းဖရန့်လိဂ် ဗိုလ်လုပွဲအဖြစ် အီတလီကလပ် ရိုးမားနဲ့ ဒတ်ချ်ကလပ် ဖီယင်နုတို့ မေလ ၂၅ ရက် မနေ့ညက ယှဉ်ပြိုင်ရာ ရိုးမားအသင်းက တဂိုး ဂိုးမရှိနဲ့နိုင်ပြီး ဗိုလ်စွဲသွားပါတယ်။
ရိုးမားအသင်းအတွက် တလုံးတည်းသော အနိုင်ဂိုးကိုတော့ ပွဲချိန် ၃၂ မိနစ်မှာ ဇာနီအိုလိုက သွင်းယူပေးခဲ့ပါတယ်။
ဖီယင်နုအသင်းဟာ ဦးဆောင်ဂိုး ပေးလိုက်ရပြီးနောက် ချေပဂိုးရဖို့ တိုက်စစ်မြှင့်ကစားခဲ့ပြီး ဂိုးကန်သွင်းချက်ရော ဘောလုံးပိုင်ဆိုင်မှာပါ အသာစီးရယူနိုင်ခဲ့ပေမယ့် လိုအပ်တဲ့ ချေပဂိုး မရခဲ့ဘဲ အရှုံးပေးခဲ့ရတာပါ။
ဒီပွဲမှာ ဖီယင်နုအသင်းရဲ့ တိုက်စစ်ကို အကောင်းဆုံး ဟန့်တား ကာကွယ်နိုင်ခဲ့တဲ့ ရိုးမားအသင်း နောက်ခံလူ စမောလင်းကို ကွန်းဖရန့်လိဂ် ဗိုလ်လုပွဲရဲ့ အကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခဲ့ပါတယ်။
စမောလင်းဟာ ဖီယင်နုအသင်းတိုက်စစ်မှူးတွေဖြစ်တဲ့ ဒက်ဆာစ်၊ ဆာနစ္စတယ်ရာတို့ရဲ့ အားကောင်းလှတဲ့ တိုက်စစ်ကို ပွဲချိန်ပြည့် ကာကွယ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
UEFA Technical Observer အဖွဲ့က စမောလင်းကို ရိုးမားအသင်း နောက်တန်းမှာ ခိုင်မာတဲ့ ကျောက်ဆောင်တခုလို စွမ်းဆောင်နိုင်ကြောင်း ချီးကျူးခဲ့ကြပါတယ်။
ရိုးမားနည်းပြ မော်ရင်ဟိုအတွက်လည်း ဒီရာသီမှာ ပထမဆုံးအကြိမ် ကျင်းပတဲ့ ကွန်းဖရန့်လိဂ်မှာ ပထမဆုံး အောင်ပွဲရယူနိုင်တဲ့ မှတ်တမ်းကောင်းကို ပိုင်ဆိုင်သွားသလို ချန်ပီယံလိဂ်ဖလား ၂ ကြိမ်၊ ယူရိုပါလိဂ် - ၂ ကြိမ်၊ ကွန်းဖရန့်လိဂ် - ၁ ကြိမ် စုစုပေါင်း ဥရောပမေဂျာဖလား ၅ လုံး ဆွတ်ခူးနိုင်တဲ့ နည်းပြအဖြစ် မှတ်တမ်းဝင်သွားပါတယ်။
ကစားသမားဘဝမှာ စိတ်ကျရောဂါ ခံစားခဲ့ရကြောင်းနဲ့ မိမိမှာ စူပါဟီးရိုးမဟုတ်ဘဲ သာမန်လူသားတဦးသာဖြစ်ကြောင်း မန်ယူအသင်းရဲ့ ပြင်သစ်ကွင်းလယ်ကစားသမား ပေါ့ဘာက ပြင်သစ်သတင်းစာ Le Figaro နဲ့ ပြုလုပ်တဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။
အသက် ၂၉ နှစ်အရွယ်ရှိ ပေါ့ဘာဟာ လက်ရှိမှာ ပြင်သစ်လက်ရွေးစင်အသင်းအတွက် ခြေစမ်းပွဲတွေ ကစားဖို့ ပြင်သစ်နိုင်ငံကို ရောက်ရှိနေတာပါ။
မန်ယူအသင်းကို လက်ရှိ ရိုးမားအသင်းနည်းပြ မော်ရင်ဟို ကိုင်တွယ်ချိန်က ပေါ့ဘာနဲ့ မော်ရင်ဟိုတို့အကြား ပြဿနာဖြစ်ပွားပြီး ၂၀၁၈ စက်တင်ဘာမှာ မော်ရင်ဟိုက ပေါ့ဘာကို ဒုအသင်းခေါင်းဆောင်ရာထူးကနေ ဖယ်ရှားခဲ့တာကြောင့် စိတ်ကျရောဂါ ခံစားခဲ့ရကြောင်း ပေါ့ဘာက ပြောပါတယ်။