ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့နယ်မှာ ဖေဖော်ဝါရီ ၂၄ ရက် မနက်က ပြည်သူ့စစ်ခေါင်းဆောင် ဦးကျော်တင့် သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပြည်သူ့စစ်ခေါင်းဆောင် ဦးကျော်တင့် ဆိုသူဟာ လက်ဖက်ရည်ဆိုင်မှာရှိနေချိန် အမည်မသိ လက်နက်ကိုင်အဖွဲ့က ဆိုင်အတွင်းဝင်ပြီး သေနတ်နဲ့ ၃ ချက်ပစ်သွားတာလို့ ဒေသခံတွေက ပြောပါတယ်။
'”ဆိုင်ထိုင်နေတုန်း ဝင်ပစ်သွားတာ၊ သုံးချက်ပစ်တာ၊ သုံးချက်လုံးထိသွားတယ်။ သေဖို့တော့များတယ်။ ခုတော့ ရန်ကုန်ကိုခေါ်သွားပြီ။ သူက ပြည်သူ့စစ်ခေါင်းဆောင်တော့ ဟုတ်တယ်။ ကျန်တဲ့အဖွဲ့တွေမှာ ပါမပါတော့ မသိဘူး” လို့ ဒေသခံတဦးက ဒီဗွီဘီကို ပြောပါတယ်။
ပြည်သူ့စစ်ခေါင်းဆောင် ဦးကျော်တင့် ပစ်ခတ်ခံရပြီး မိနစ်ပိုင်းအကြာမှာ စစ်ကောင်စီတပ်တွေနဲ့ ရဲတွေရောက်လာပြီး လမ်းတွေပိတ်ဆို့ စစ်ဆေးခဲ့သလို ပတ်ဝန်းကျင်ကိုလည်း ဆဲဆိုသွားတယ်လို့ ဆိုပါတယ်။
သေနတ်နဲ့ ၃ ချက် အပစ်ခံရတဲ့ ပြည်သူ့စစ်ခေါင်းဆောင် ကျော်တင့်ဟာ မဘသအဖွဲ့ဝင်တဦးဖြစ်သလို YMBA ရဲ့ မြို့နယ်ဥက္ကဋ္ဌလည်း ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြည်သူ့စစ်ခေါင်းဆောင် ဦးကျော်တင့်ဟာ ၂၀၂၁ ခုနှစ် နိုဝင်ဘာလကလည်း ပစ်ခတ်ခံရပြီး လက်မောင်းထိလို့ ဆေးရုံတက်ရောက်ခဲ့ရသူဖြစ်ပါတယ်။
ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့မှာ အမှတ် ၁၁ ရပ်ကွက်အုပ်ချုပ်ရေးမှူး သေနတ်နဲ့ပစ်သတ်ခံရပြီးနောက် စစ်ကောင်စီက ဆိုက်ကားဆရာတွေအပါအဝင် ဒေသခံ ပြည်သူ အယောက် ၃၀ ထက်မနည်းကို ဖမ်းဆီးထားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ရပ်ကွက်အုပ်ချုပ်ရေးမှူးလည်းဖြစ် ပြည်သူ့စစ်ခေါင်းဆောင်လည်းဖြစ်သူ ဦးခင်မောင်ကြည်ကို အောက်တိုဘာ ၅ ရက်နေ့က အမည်မသိ သေနတ်သမားတွေက ပစ်ခတ်ခဲ့လို့ ပွဲချင်းပြီးသေဆုံးပြီးနောက် တစ်ပတ်အတွင်း ဒေသခံ အမျိုးသား၊ အမျိုးသမီး ၃၀ ထက်မနည်းကို ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
ဒေသခံတဦးက "ခင်မောင်ကြည် သေနတ်နဲ့ပစ်သတ်ခံရအပြီးမှာ ဒေသခံအဖမ်းခံရတာ အယောက် ၃၀လောက်ရှိပြီ။ ဆိုက်ကားဆရာတွေ၊ အမျိုးသမီးတွေနဲ့ အမျိုးသားတွေပါတယ်။ လက်ဖက်ရည်ဆိုင်ထိုင်တုန်း အပစ်ခံရတာဆိုပြီး လက်ဖက်ရည်ဆိုင်ပိုင်ရှင်ပါ ဖမ်းထားတာ" လို့ ပြောပါတယ်။
ဖမ်းဆီးထားတဲ့သူတွေကို မော်ကျွန်းရဲစခန်းနဲ့ မော်လမြိုင်ကျွန်းအခြေစိုက် အမှတ် ၅၃၄ တပ်အတွင်းမှာ ထားတယ်လို့ ရဲစခန်းနဲ့နီးစပ်သူတယောက်က ပြောပါတယ်။
အုပ်ချုပ်ရေးမှူး ဦးခင်မောင်ကြည်ဟာ စစ်ကောင်စီသတင်းပေး ပျူစောထီးခေါင်းဆောင်ဖြစ်ပြီး ဧရာဝတီတိုင်းစစ်ဒေသခွဲရဲ့ နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် ဧရာဝတီလင်းပိုင်အဖွဲ့၊ ဘိုကလေး PDFနဲ့ မော်ကျွန်း ပကဖအဖွဲ့တို့ ပူးပေါင်းကာ သုတ်သင်ရှင်းလင်းခဲ့တာလို့ ဧရာဝတီလင်းပိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။