close

မဲဆွယ်စည်းရုံး

close

April 7, 2023

ဖွေ့ထိုင်းပါတီအနိုင်ရလျှင် ပြည်သူ့ဖုန်းထဲ ဘတ်ငွေ ၁ သောင်း ဖြည့်ပေးမည့်ကိစ္စ ဝေဖန်မှုမြင့်တက်

ထိုင်းနိုင်ငံမှာ လာမယ့်မေလ ရွေးကောက်ပွဲအတွက် သက်ဆိုင်ရာပါတီအသီးသီးက ကွင်းဆင်းပြီး မဲဆွယ်နေကြရာမှာ ဖွေ့ထိုင်းပါတီက ဝန်ကြီးချုပ်အဖြစ် အမည်စာရင်း သွင်းထားတဲ့ နိုင်းဆေထာ ထဝီးဆင်က သူတို့သာ အစိုးရဖြစ်ခဲ့ရင် အသက် ၁၆ နှစ်ပြည့်ပြီးသူတိုင်းရဲ့ ဖုန်းထဲကို ဒစ်ဂျစ်တယ်လ်ငွေ ဘတ် ၁၀,၀၀၀ စီ ဖြည့်ပေးမယ်လို့ ပြောထားတာကြောင့် ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။

အထူးသဖြင့် နိုင်ငံရေးပါတီတွေကြားထဲမှာ ပြောထားတဲ့အတိုင်း လက်တွေ့မှာ ဖြစ်နိုင်ချေ ရှိမရှိ၊ ဘယ်ကငွေတွေနဲ့ပေးမှာလဲ၊ နိုင်ငံတော်ဘဏ္ဍာရေးစီမံခန့်ခွဲမှု ထိခိုက်လာနိုင်မလားဆိုတဲ့ မေးခွန်းတွေနဲ့ ဝေဖန်မှု မြင့်တက်နေတာပါ။

လက်ရှိ အစိုးရအိမ်တော်ပြောခွင့်ရနဲ့ လူမ့်ထိုင်းဆန့်ချတ်ပါတီမှ နိုင်းထနကွန်း ဝမ်းဘွန်းခုန်းချနက ဖွေ့ထိုင်းပါတီမူဝါဒ ဘယ်လိုရှိတယ်ဆိုတာတော့ မသိကြောင်း၊ အသက် ၁၆ နှစ်ပြည့်ပြီးသူတိုင်းကို ဘတ် ၁၀,၀၀၀ စီပေးမယ်ဆိုတော့ ထိုင်းမှာ ၁၆ နှစ်ပြည့်သူ သန်းပေါင်း ၅၀ ကျော်ရှိတယ်၊ ၁ ယောက် ၁၀,၀၀၀ ဆိုရင် ဘတ်သန်းပေါင်း ၂၅၀ သိန်း လိုအပ်တယ်၊ ဒီငွေတွေ ဘယ်ကနေပေးမှာလဲ၊ ငွေစက္ကူတွေ ထပ်ထုတ်မှာလား၊ ဒါဆိုရင် ဘဏ္ဍာရေးဝန်ကြီးဌာနမှာ ပြဿနာရှိနိုင်တယ်။ ဒီလိုမက်လုံးပေးမဲဆွယ်တာဟာ ရွေးကောက်ပွဲဥပဒေနဲ့ ညီညွတ်ပါရဲ့လား ဆိုတာကို ပြန်ကြည့်ရမယ်လို့ ချန်နယ်လ် ၇ သတင်းထောက်ကို ပြောပါတယ်။

လက်ရှိ ဒစ်ဂျစ်တယ်လ်နဲ့ လူမှုစီးပွားဝန်ကြီးဖြစ်သူ ဖလန်းပချားရတ်ပါတီမှ နိုင်းချိုင်းဝုဒ်ထနာ ခနာနုဆွန် ကလည်း ပါတီအနိုင်ရရေး လူကြိုက်များ ရေပန်းစားတဲ့အရာနဲ့ မဲဆွယ်ပေမဲ့ လက်တွေ့ဖြစ်နိုင်ခြေရှိမရှိ ချိန်ဆကြည့်ရမှာဖြစ်ကြောင်း၊ အရင်ကလည်း ရွာ ၁ ရွာကို ရင်းနှီးမြှုပ်နှံမှု ဘတ် ၁ သန်းစီပေးပြီး စီးပွားရေးထူထောင်စေမယ်လို့ ပြောဆိုခဲ့ပြီး လက်တွေ့မှာ ၁ ရွာကို ဘတ် ၁၀,၀၀၀ သာပေးနိုင်ခဲ့တယ်၊ သူတို့အစိုးရအနေနဲ့တော့ လူတိုင်းကို ထောက်ပံ့တာမဟုတ်ဘဲ သက်ကြီးရွယ်အိုတွေ၊ ကလေးသူငယ်တွေကို အကြောင်းပြချက်နဲ့ ထောက်ပံ့တာပဲရှိတယ်လို့ ပြောပါတယ်။

လက်ရှိ ကျန်းမာရေးဝန်ကြီးဖြစ်သူ ဖုမ်းကျိုင်းထိုင်းပါတီခေါင်းဆောင် နိုင်းအနုထင်း ချန်းဝီရကွန်းကတော့ သူများပါတီကို မဝေဖန်လိုကြောင်း၊ သူတို့ပါတီအနေနဲ့တော့ လူထုဘဝမြှင့်တင်ရေးအတွက် ပေါ်လစီရှိတယ်၊ ပြည်သူတွေဟာ ကိုယ့်ကျေးဇူးရှင်တွေ ဖြစ်တယ်၊ သူတို့ကို ပေးကမ်းတဲ့ အဖြစ်ထက်၊ သူတို့ကို လက်ဖြန့်တောင်းတဲ့သူအဖြစ်ထက် ကိုယ်တိုင် ဝင်ငွေကောင်းတဲ့ စီးပွားရေး တိုးတက်နိုင်မယ့် ပေါ်လစီမျိုး ချမှတ်ဆောင်ရွက်မယ်၊ ပြည်သူတွေရဲ့ သိက္ခာကို ကြည့်ရမယ်လို့ ပြောပါတယ်။

အာဏာရှင် စစ်ကောင်စီကို အမြဲဦးဆောင်ဆန္ဒပြနေတဲ့ ပြည်သူ့ညီညွတ်ရေးအဖွဲ့ ရှေ့နေ ထနိုင်းနုတ်ခေါင် ခေါ် နိုင်းနိသီထွဏ်း လမ့်လေ ကလည်း ဒီလို ငွေပေးပြီး မဲဆွယ်တာဟာ ပြည်သူကို ကူညီသလိုလိုနဲ့ နောက်ကွယ်မှာ ကိုယ့်အကျိုးစီးပွားအတွက် လုပ်နေတာ ဖြစ်ကြောင်း၊ တိုင်းပြည်ရဲ့ ဘဏ္ဍာရေးစနစ် ပြိုလဲနိုင်တဲ့ထိ အန္တရာယ်ရှိတယ်၊ ရွေးကောက်ပွဲဥပဒေနဲ့ ညီညွတ်မှုရှိမရှိ ပြန်ကြည့်ရမယ်၊ ကော်မရှင်ကလည်း အခုလို အဆိုပြုတဲ့ ဖွေ့ထိုင်းပါတီက နိုင်းဆေထာ ထဝီးဆင်ကို ပြန်စစ်ဆေးမေးမြန်းရလိမ့်မယ်လို့ သူ့ရဲ့ လူမှုကွန်ရက်မှာ လိုက်ဖ်လွှင့် ဝေဖန်လိုက်ပါတယ်။

အခုလို ဝေဖန်တာတွေနဲ့ပတ်သက်ပြီး မဲဆွယ်သူ နိုင်းဆေထာ ထဝီးဆင်ကတော့ သူတို့ အစိုးရဖြစ်ရင် စီမံခန့်ခွဲနိုင်လို့ ပြောတာဖြစ်ကြောင်း၊ လူ ၁ ဦးကို ဘတ် ၁၀,၀၀၀ ပေးမယ်ဆိုတာ အမြဲပေးမှာမဟုတ်ဘဲ လူထုစီးပွားရေးမြှင့်တင်စ ၁ ကြိမ်သာ ပေးမှာဖြစ်ပြီး အဲဒီငွေကို ၆ လအတွင်း မိမိနေရပ်လိပ်စာမှာပါတဲ့ ကျေးရွာ/ရပ်ကွက် ၄ ကီလိုမီတာအတွင်း ကွန်မြူနတီထဲမှာသာ သုံးစွဲရမှာဖြစ်ကြောင်း၊ ဒါမှ ရပ်ကွက်/ကျေးရွာတိုင်း ဝင်ငွေရရှိပြီး တနိုင်တပိုင်စီးပွားရေး ထူထောင်နိုင်မယ်၊ မလိုအပ်ဘဲ ကုန်တိုက်ကြီးတွေမှာ သွားပြီး ငွေမသုံးရတော့ဘူး၊ အခုလို ငွေထောက်ပံ့တာနဲ့အတူ တဖက်ကလည်း အနိမ့်ဆုံးလုပ်အားခ တနေ့ ဘတ် ၆၀၀ ပေးမှာမို့ ပြည်သူ့စီးပွားရေး တိုးတက်ဖူလုံမယ်လို့ သတင်းထောက်တွေကို ပြောသွားပါတယ်။

12 hours Ago

August 24, 2022

အင်ဂိုလာနိုင်ငံတွင် ရွေးကောက်ပွဲမဲဆွယ်စည်းရုံးမှုပြီးဆုံး

အင်ဂိုလာနိုင်ငံမှာ ဒီတစ်ပတ်ကျင်းပမယ့် ရွေးကောက်ပွဲမတိုင်ခင် သြဂုတ် ၂၂ ရက်က သမ္မတလောင်း ကိုယ်စားလှယ်တွေရဲ့ တစ်လတာ မဲဆွယ်စည်းရုံးရေးကာလ အပြီးသတ်ခဲ့ပါတယ်။

အာဖရိကရဲ့ ရေနံထုတ်လုပ်မှုအများဆုံးနိုင်ငံဖြစ်တဲ့  အင်ဂိုလာနိုင်ငံကို ဂျိုဝါ လိုရန်ကို ဦးဆောင်တဲ့ လက်ရှိ အာဏာရ MPLA ပါတီက ၂၀၁၇ ခုနှစ်ကတည်းက အုပ်ချုပ်လာခဲ့တာဖြစ်ပါတယ်။

ရေနံကြွယ်ဝမှုကို အားလုံးအတွက် ကောင်းမွန်တဲ့ လူနေမှုဘဝအဖြစ် ပြောင်းလဲပေးဖို့ အစိုးရရဲ့ ပျက်ကွက်မှုအပေါ် ဒေါသတွေ ကြီးထွားလာတာကြောင့် လူငယ်အများစု ပါဝင်လာတဲ့ အတိုက်အခံပါတီ UNITA က အရင်ကထက် ပိုအားကောင်းလာပါတယ်။

UNITA ပါတီကို စတုတ္ထအကြီးဆုံးပါတီဖြစ်တဲ့ ဘလိုကိုဒီမိုကရက်တီကိုပါတီ အပါအဝင် တခြားအဖွဲ့အများအပြားက ကျောထောက်နောက်ခံပြုထားပါတယ်။

အင်ဂိုလန်နိုင်ငံသား ၁၄ သန်းကျော်ဟာ မဲပေးခွင့်ရှိပြီး သမ္မတနဲ့ လွှတ်တော်အမတ် ၂၂၀ ကို မဲစာရွက်ပေါ်မှာ အမှတ်ခြစ်တခုတည်းနဲ့ တပြိုင်နက် ရွေးချယ်သွားမှာ ဖြစ်ပါတယ်။

မဲသမာမှုတွေကို စိုးရိမ်နေရလို့ မဲပေးပြီးရင် မဲရုံအနီးမှာ ရွေးကောက်ပွဲလုပ်ငန်းစဉ်ကို စောင့်ကြည့်ဖို့ မဲဆန္ဒရှင်တွေကို UNITA က တိုက်တွန်းထားပါတယ်။

လက်ရှိ အာဏာရပါတီ MPLA က အများစု ထိန်းချုပ်ထားတဲ့ ရွေးကောက်ပွဲကော်မရှင်ကတော့ ရွေးကောက်ပွဲဟာ တရားမျှတပြီး ပွင့်လင်းမြင်သာမှု ရှိလိမ့်မယ်လို့ ပြောထားပါတယ်။ 

8 months Ago
Up