close

မျောက်ကျောက်ဗိုင်းရပ်စ်

close

September 13, 2022

အမေရိကန်တွင် မျောက်ကျောက်ဗိုင်းရပ်စ်ကြောင့် ပထမဆုံး လူသေဆုံးမှု အတည်ပြု

စက်တင်ဘာ ၁၂ ရက်က လော့စ်အိန်ဂျလိစ် ဒေသခံတစ်ဦး သေဆုံးမှုဟာ မျောက်ကျောက်ရောဂါကြောင့်လို့  ပြည်သူ့ကျန်းမာရေးဌာနက သတ်မှတ်ခဲ့ပြီး အမေရိကန်နိုင်ငံမှာ မျောက်ကျောက်ဗိုင်းရပ်စ်ကြောင့် ပထမဆုံး သေဆုံးမှု ဖြစ်ပါတယ်။

အဲဒီဒေသခံဟာ မျောက်ကျောက်ရောဂါကြောင့် သေဆုံးခဲ့တာဖြစ်ကြောင်း အမေရိကန် ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးစင်တာ (CDC) နဲ့ ပူးပေါင်းစစ်ဆေးပြီး အတည်ပြု ထုတ်ပြန်ထားတယ်လို့ ဆိုပါတယ်။

‌ဒေသခံဟာ ခုခံအား အပြင်းအထန်ကျဆင်းပြီး ဆေးရုံတင်ထားရကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လျှို့ဝှက်ကိစ္စနဲ့ ကိုယ်ရေးကိုယ်တာကို ကာကွယ်ဖို့အတွက် ဒီကိစ္စနဲ့ပတ်သက်တဲ့ ထပ်တိုးအချက်အလက်တွေကို လူသိရှင်ကြား ထုတ်ပြန်မှာ မဟုတ်ကြောင်းလည်း ထည့်သွင်း ပြောကြားပါတယ်။

သြဂုတ် ၃၀ ရက်က အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ်မှာ မျောက်ကျောက်ရောဂါ ရှိသူတစ်ဦး သေဆုံးခဲ့ကြောင်း သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် ဒေသခံ ကျန်းမာရေး အရာရှိတွေကတော့ သေဆုံးမှုမှာ မျောက်ကျောက်ရောဂါက ဘယ်လို အခန်းကဏ္ဍကနေ ပါဝင်တယ်ဆိုတာ အတိအကျပြောဖို့ စောလွန်းသေးကြောင်း ဒေသခံ ကျန်းမာရေးအရာရှိတွေက ပြောပါတယ်။

တနိုင်ငံလုံးမှာ စက်တင်ဘာ ၁၂ ရက်ထိ မျောက်ကျောက်ရောဂါဖြစ်ပွားမှု စုစုပေါင်း ၂၁,၉၈၅ ခုရှိကြောင်း CDC က ဖော်ပြထားပါတယ်။

2 hours Ago

August 2, 2022

မျောက်ကျောက်ဗိုင်းရပ်စ် ပျံ့နှံ့နေသည့် အမေရိကန် ပြည်နယ်အချို့တွင် အရေးပေါ်အခြေအနေ ကြေညာ

အမေရိကန်နိုင်ငံတဝန်းမှာ ဆက်လက်ပျံ့နှံ့နေတဲ့ မျောက်ကျောက်ဗိုင်းရပ်စ်ပိုးကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် ကယ်လီဖိုးနီးယား၊ အီလီနွိုက်စ်၊ နယူးယောက်နဲ့ ဆန်ဖရန်စစ္စကို ပြည်နယ်တွေ ပူးပေါင်းပြီး ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေကို သြဂုတ် ၁ ရက်မှာ ကြေညာခဲ့ပါတယ်။

အမေရိကန်ဟာ လက်ရှိမှာ မျောက်ကျောက်ရောဂါ ဖြစ်ပွားမှုရဲ့ အကြီးမားဆုံး ဗဟိုချက်ဖြစ်နေပြီး သြဂုတ် ၁ ရက်အထိ ဝါရှင်တန်ဒီစီနဲ့ ပြည်နယ်ပေါင်း ၄၇ ခုမှာ ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့ခဲ့ကြောင်းနဲ့ အခုချိန်အထိ တနိုင်ငံလုံး အတိုင်းအတာနဲ့ ကူးစက်ခံရသူ ၅,၂၀၀ နီးပါးရှိကြောင်း ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးစင်တာ (CDC) ရဲ့ နောက်ဆုံး အချက်အလက်တွေအရ သိရပါတယ်။

အမေရိကန် မျောက်ကျောက်ရောဂါဖြစ်ပွားမှုရဲ့ ၄ ပုံ ၁ ပုံကျော်ရှိတဲ့ နယူးယောက်ပြည်နယ်ဟာ လက်ရှိမှာ ရောဂါဖြစ်ပွားမှုရဲ့ ဗဟိုချက်ဖြစ်ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

နိုင်ငံရဲ့ လူဦးရေအထူထပ်ဆုံးပြည်နယ်ဖြစ်တဲ့ ကယ်လီဖိုးနီးယားဟာ ရောဂါကူးစက်မှု ဒုတိယအများဆုံးဖြစ်ပြီး အီလီနွိုက်ပြည်နယ်က ရောဂါကူးစက်ခံရမှုမှာ နိုင်ငံအတွင်း တတိယမြောက် အများဆုံးဖြစ်ကြောင်း CDC က ဆိုပါတယ်။

မျောက်ကျောက်ရောဂါ ဖြစ်ပွားမှုအပေါ် ပြည်ထောင်စုအစိုးရရဲ့ တုံ့ပြန်မှုအပေါ် လူတွေက စိတ်ပျက်နေကြပါတယ်။

စမ်းသပ်မှု၊ ကာကွယ်ဆေးနဲ့ ကုသမှုတွေက အကန့်အသတ်ရှိနေတာကြောင့် လူအတော်များများက ကြိုးနီစနစ်ကို ပြစ်တင်နေကြပါတယ်။

အေပီသတင်းဌာနရဲ့ အဆိုအရ အမေရိကန်အစိုးရဟာ ပြည်နယ်နဲ့ ဒေသန္တရ ကျန်းမာရေးဌာနတွေကို ဂျင်နိရိုစ် ကာကွယ်ဆေး ထိုးဆေးအလုံးရေ ၃ သိန်း ၁ သောင်းကျော် ပေးပို့ခဲ့ပါတယ်။

ဒါပေမဲ့ ဆန်ဖရန်စစ္စကိုနဲ့ နယူးယောက်တို့လို မြို့ကြီးတွေက ဆေးခန်းတွေမှာ ပေးစရာ ထိုးဆေး မလုံလောက်ဘဲ ဖက်ဒရယ်အစိုးရကလည်း နောက်ထပ် ဆေး ၅ သန်း ပေးဖို့ ညွှန်ကြားထားပြီး အများစုကို လာမယ့်နှစ်မှာ ပို့ဆောင်ပေးမယ်လို့ ပြောပါတယ်။

1 month Ago
Up