အမေရိကန်တွင် မျောက်ကျောက်ဗိုင်းရပ်စ်ကြောင့် ပထမဆုံး လူသေဆုံးမှု အတည်ပြု

စက်တင်ဘာ ၁၂ ရက်က လော့စ်အိန်ဂျလိစ် ဒေသခံတစ်ဦး သေဆုံးမှုဟာ မျောက်ကျောက်ရောဂါကြောင့်လို့ ပြည်သူ့ကျန်းမာရေးဌာနက သတ်မှတ်ခဲ့ပြီး အမေရိကန်နိုင်ငံမှာ မျောက်ကျောက်ဗိုင်းရပ်စ်ကြောင့် ပထမဆုံး သေဆုံးမှု ဖြစ်ပါတယ်။
အဲဒီဒေသခံဟာ မျောက်ကျောက်ရောဂါကြောင့် သေဆုံးခဲ့တာဖြစ်ကြောင်း အမေရိကန် ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးစင်တာ (CDC) နဲ့ ပူးပေါင်းစစ်ဆေးပြီး အတည်ပြု ထုတ်ပြန်ထားတယ်လို့ ဆိုပါတယ်။
ဒေသခံဟာ ခုခံအား အပြင်းအထန်ကျဆင်းပြီး ဆေးရုံတင်ထားရကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
လျှို့ဝှက်ကိစ္စနဲ့ ကိုယ်ရေးကိုယ်တာကို ကာကွယ်ဖို့အတွက် ဒီကိစ္စနဲ့ပတ်သက်တဲ့ ထပ်တိုးအချက်အလက်တွေကို လူသိရှင်ကြား ထုတ်ပြန်မှာ မဟုတ်ကြောင်းလည်း ထည့်သွင်း ပြောကြားပါတယ်။
သြဂုတ် ၃၀ ရက်က အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ်မှာ မျောက်ကျောက်ရောဂါ ရှိသူတစ်ဦး သေဆုံးခဲ့ကြောင်း သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် ဒေသခံ ကျန်းမာရေး အရာရှိတွေကတော့ သေဆုံးမှုမှာ မျောက်ကျောက်ရောဂါက ဘယ်လို အခန်းကဏ္ဍကနေ ပါဝင်တယ်ဆိုတာ အတိအကျပြောဖို့ စောလွန်းသေးကြောင်း ဒေသခံ ကျန်းမာရေးအရာရှိတွေက ပြောပါတယ်။
တနိုင်ငံလုံးမှာ စက်တင်ဘာ ၁၂ ရက်ထိ မျောက်ကျောက်ရောဂါဖြစ်ပွားမှု စုစုပေါင်း ၂၁,၉၈၅ ခုရှိကြောင်း CDC က ဖော်ပြထားပါတယ်။