ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ခေမာသီရိရပ်ကွက်မှာရှိတဲ့ အမှတ် (၂) ရဲစခန်းမှာ စက်တင်ဘာ ၉ ရက် ည ၈ နာရီလောက်က ဗုံးပေါက်ကွဲသံတွေနဲ့ သေနတ်ပစ်ခတ်မှုတွေ အပြန်အလှန် ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ရဲစခန်းအနီးနေထိုင်သူ အမျိုးသားတစ်ဦးက "အမှတ် ၂ ရဲစခန်းမှာ ပထမဗုံးပေါက်ကွဲသံနှစ်ချက်ကြားရတယ်။ ပြီးတော့ သေနတ်တွေနဲ့ပစ်ကြတာပဲ။ ဘယ်အဖွဲ့က လာပစ်တယ်ဆိုတာတော့မသိရဘူး။ ဒဏ်ရာရတာ သေတာ ရှိလားဆိုတာတော့သေချာမသိရဘူး”လို့ ပြောပါတယ်။
ရဲစခန်းကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPDF)က သွားရောက်ပစ်ခတ်ခဲ့လို့ ရဲတပ်ဖွဲ့ဝင်တယောက် လဲကျသွားတယ်လို့ ဒေသတွင်း သတင်းတွေမှာ ရေးသားထားပေမဲ့ ဒီဗွီဘီ အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။
စက်တင်ဘာ ၈ ရက်မနက်ပိုင်းကလည်း မြစ်ကြီးနားမြို့ သီတာရပ်ကွက်မှာရှိတဲ့ စရဖရုံးကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်က သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။