close

မြစ်ကြီးနားရဲစခန်း ပစ်ခတ်တိုက်ခိုက်ခံရ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ခေမာသီရိရပ်ကွက်မှာရှိတဲ့ အမှတ် (၂) ရဲစခန်းမှာ  စက်တင်ဘာ ၉ ရက် ည ၈ နာရီလောက်က  ဗုံးပေါက်ကွဲသံတွေနဲ့ သေနတ်ပစ်ခတ်မှုတွေ အပြန်အလှန် ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ရဲစခန်းအနီးနေထိုင်သူ အမျိုးသားတစ်ဦးက "အမှတ် ၂ ရဲစခန်းမှာ  ပထမဗုံးပေါက်ကွဲသံနှစ်ချက်ကြားရတယ်။ ပြီးတော့ သေနတ်တွေနဲ့ပစ်ကြတာပဲ။ ဘယ်အဖွဲ့က လာပစ်တယ်ဆိုတာတော့မသိရဘူး။ ဒဏ်ရာရတာ သေတာ ရှိလားဆိုတာတော့သေချာမသိရဘူး”လို့ ပြောပါတယ်။

အဆိုပါပစ်ခတ်ကြောင့်  စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့ဝင်တယောက်  လဲကျသွားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာ၀န်ရှိသူတဦးက  ပြောပါတယ်။

"အမှတ်-၂ရဲစခန်းကိုသွားပစ်တာ။ ကင်းပုန်းတစ်ဦးလဲကျသွားတယ်။ သူတို့ဘက်ကလည်း ပြန်ပစ်တယ်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အထိခိုက်မရှိ ဆုတ်ခွာနိုင်ကြခဲ့ကြတယ်။ စစ်ကောင်စီဘက်ကတော့ ရမ်းသန်းပစ်တယ်။”

ရဲစခန်းကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPDF)က သွားရောက်ပစ်ခတ်ခဲ့လို့ ရဲတပ်ဖွဲ့ဝင်တယောက် လဲကျသွားတယ်လို့ ဒေသတွင်း သတင်းတွေမှာ ရေးသားထားပေမဲ့ ဒီဗွီဘီ အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။

စက်တင်ဘာ ၈ ရက်မနက်ပိုင်းကလည်း   မြစ်ကြီးနားမြို့ သီတာရပ်ကွက်မှာရှိတဲ့  စရဖရုံးကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်က သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

မြစ်ကြီးနားမြို့ခံ ပြည်သူတွေအနေနဲ့ စစ်ကောင်စီကိုသတင်းပေးတာ လုံး၀မလုပ်ကြဖို့  KIA တပ်ရင်း-၁၁ က သတိပေးစာထုတ်ပြန်ထားပါတယ်။ 

ကချင်ပြည်နယ် နေရာအနှံ့မှာ KIA၊PDFပူးပေါင်းတပ်နဲ့ စစ်ကောင်စီတို့အကြား တိုက်ပွဲပြင်းထန်ဖြစ်ပွားနေပြီး စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာတွေလည်း လုပ်ဆောင်နေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up