မြစ်ဆုံဒေသအတွင်း စက်ယန္တရားတွေနဲ့ ရွှေတူးဖေါ်တဲ့လုပ်ငန်းတွေရပ်တန့်ပေးဖို့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ မြစ်ဆုံဒေသခံတချို့က မတ်လ ၁၄ ရက် ဒီနေ့ ကျရောက်တဲ့ "အပြည်ပြည်ဆိုင်ရာ မြစ်ချောင်းအင်းအိုင်များနေ့" မှာ မေခ၊မလိခမြစ်ဆုံအနီးသွားရောက် ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
မြစ်ဆုံအနီး ကျေးရွာတွေမှာနေထိုင်တဲ့ ပြည်သူတွေဟာ မြစ်ချောင်းတွေ ထာဝရစီးဆင်းစေဖို့နဲ့ ရွှေတူးဖေါ်လုပ်ငန်းတွေရပ်တန့်ပေးဖို့ကျေးရွာ ၁၅ ရွာက ရွာသူရွာသား လူအင်အား အယောက် ၇၀ ကျော်လောက်နဲ့ သွားရောက် ဆန္ဒပြခဲ့ကြတာလို့ ဒေသခံ တဦးက ပြောပါတယ်။
“အာဏာသိမ်းအပြီးနောက်ပိုင်း မြစ်ဆုံဒေသအပါအဝင် ဧရာဝတီမြစ်ကြောင်းတစ်လျှောက်မှာ စက်ယန္တယားတွေသုံးပြီး ရွှေတူးဖေါ်တာတွေလုပ်လာကြတယ်။ ခုဆို မလိခမြစ်ရေက သောက်သုံးလို့မရတော့ဘူး။ ဓါတုဗေဒပစ္စည်းတွေ ရွှေတူးဖေါ်ရေးက စွန့်ပစ်ပစ္စည်းတွေကြောင့် ဂေဟစနစ်နဲ့ မြစ်ချောင်းတွေပျက်စီးကုန်ပြီ အဲ့ဒါကြောင့် ဒီနေ့ကန့်ကွက် ဆန္ဒထုတ်ဖော်ရတာ”လို့ ဆန္ဒပြပွဲမှာပါဝင်တဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဧရာဝတီမြစ် ထာဝစဉ် လွတ်လပ်စွာ စီးဆင်းရေး၊ မြစ်ချောင်းတွေမှာ စက်ယန္တရားနဲ့ ရွှေတူးဖော်မှု ရပ်ဆိုင်းရေး၊ မြစ်ချောင်း အင်းအိုင်တွေ လွတ်လပ်စွာ ရှင်သန်ရေး၊ မြစ်ကြောင်း တစ်လျှောက် အကြီးစားရေကာတာ ဆောက်လုပ်ခြင်း အလိုမရှိ၊ သန့်ရှင်းသောရေ ရရှိရေးနဲ့ မြစ်ချောင်းတွေကို ကာကွယ်ဖို့ ရေထိန်းတောကို ထိန်းကြစို့ အစရှိသည့် အချက်များကို ကြွေးကြော်ဆန္ဒပြခဲ့ကြတာပါ။
စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့အထက်ပိုင်း ဧရာ၀တီမြစ်ကမ်းဘေးနား မြစ်ဆုံတကြောမှာ ရွှေတူးဖော်မှုတွေ ပိုမို များပြားလာပါတယ်။
မြန်မာပြည်ရဲ့ အသက်သွေးကြောဖြစ်တဲ့ ဧရာ၀တီမြစ်ရဲ့ မြစ်ဖျားခံ မြစ်ဆုံတကျောမှာ ရွှေတူးဖော်မှု တိုးချဲ့လာလို့ သဘာပတ်ဝန်းကျင် ပျက်စီးလာတာနဲ့ ငါးသယံဇာတရှာလို့ မရတော့တာတွေ ရှိလာတယ်လို့ ကချင်ဒေသခံတွေက ပြောပါတယ်။
မြစ်ဆုံအထက်ပိုင်း ဆွမ်ဘရာဘွမ်မြို့နယ်တဝိုက်မှာလည်း ရွှေလုပ်ကွက်တွေ မြောက်မြားစွာ ချပြီး တူးနေကြသလို စက်ယန္တရားကြီးတွေနဲ့ မှောင်ခိုတူးဖော်တဲ့ လုပ်ကွက်တွေ အများကြီး တိုးလာတာ ရှိပါတယ်။
ခုလိုအချိန်မှာက တာ၀န်ယူ ဖြေရှင်းပေးတဲ့သူလည်း မရှိတော့ အာဏာရှင်ရဲ့ အပေါင်းအပါတွေ အတွက် အကောင်းဆုံးအချိန် ဖြစ်လာလို့ စိုးရိမ်မိတယ်လို့ ကချင်အရေး တက်ကြွလှုပ်ရှားသူတစ်ဦးက ပြောပါတယ်။
“မြစ်ဆုံတကြော ဧရာ၀တီမြစ်ကမ်းနံဘေးတွေက ရွှေတူးဖော်မှုဟာ အာဏာသိမ်းပြီးနောက်ပိုင်းမှာ အရင်ကထက် ပိုများလာပြီး မြစ်ဆုံအထက်ပိုင်းမှာဆိုရင် ကချင်ပြည်နယ်က လုပ်ငန်းရှင်အသင်း၊ ခရိုနီတွေနဲ့ လောပန်းကြီးတချို့တွေက စက်ယန္တရားကြီးတွေ အသုံးပြုပြီး နေ့ညမနား ရွှေတူးဖော်လာကြတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ အဲ့လိုနေ့ည မနားရွှေတူးဖော်လာကြတော့ သဘာ၀ပတ်၀န်းကျင်တွေ ပျက်စီးလာပြီး ခုဆို ဧရာ၀တီမြစ်တောက်လျှောက် ရေတွေ နောက်လာသလို သမိုင်းအမွေအနှစ်တွေ အကုန်ဆုံးရှုံးရတော့ တကယ်ကို စိတ်မကောင်းဘူး”လို့ ပြောဆိုပါတယ်။
ပူတာအိုခရိုင်အတွင်းက ဆွမ်ဘရာဘွမ်မြို့နယ်အထဲမှ ကျေးရွာတချို့မှာလည်း ၂၀၂၀ ပြည့်နှစ် နောက်ပိုင်းမှာ ရွှေတူးဖော်မှုတွေ ပိုမိုများပြားနေပါတယ်။
“၂၀၀၇ ခုနှစ်အထိတော့ ကျနော်တို့ ဆွမ်ဘရာဘွမ်မြို့နယ်တဝိုက်မှာ တစ်ပိုင်တစ်နိုင် လက်နဲ့ပဲ ရွှေတူးဖော်ခဲ့ကြပြီး ၂၀၁၈ ခုနှစ်နောက်ပိုင်း အရောက်မှာတော့ အသေးစားရွှေလုပ်ကွက်တွေ လုပ်ကွက်ပေါင်း ၂၀ ကျော်လောက် တူးလာကြတာပါ။ အဲဒီအသေးစား ရွှေလုပ်ကွက်တွေမှာ တောင်ယာမြေတွေ အကုန်ပါသွားခဲ့ပါတယ်။ စိုက်ပျိုးမြေတွေ ဆုံးရှုံးခဲ့ရတဲ့အပြင် ရွှေလုပ်ကွက်တွေ ချထားခံရတဲ့ ရွာတွေမှာ ခုနောက်ပိုင်း ရေလမ်းကြောင်းတွေကိုပါ ပိတ်ဆို့တူးဖော်တာတွေ ရှိတဲ့အတွက် ဒေသခံရွာသားတွေက သွားရောက်တားမြစ်ရင် ရန်မူခံရတာတွေနဲ့ တရားစွဲခံရတာတွေတောင် ရှိတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
၂၀၁၈ ခုနှစ်မှာ မြစ်ဆုံတကြော ရွှေတူးဖော်တဲ့ လုပ်ကွက်နေရာတွေကို စစ်တပ်က ရွှေမတရားတူးဖော်တယ်ဆိုပြီး ဒေသခံပြည်သူတွေ ၀မ်းရေးအတွက် တပိုင်တနိုင် လက်လုပ်လက်စား ရွှေတူးဖော်တဲ့ နေရာတွေကို ဗုံးခွဲဖျက်ဆီးခဲ့ပါတယ်။
အန်အယ်လ်ဒီအစိုးရတက်တဲ့ နောက်ပိုင်းမှာ မြစ်ဆုံအထက်ဘက်ပိုင်းမှာ အသေးစား ရွှေတူးဖော်ရေး လုပ်ကွက်ပေါင်း ၂၀ လောက် ချပေးခဲ့ကာ ၂၀၂၁ ခုနှစ် စစ်ကောင်စီက အာဏာသိမ်းနောက်ပိုင်းမှာတော့ ရွှေမှောင်ခို တူးဖော်တဲ့ လုပ်ကွက်တွေ အများအပြား ရှိလာသလို သဘာ၀ပတ်ဝန်းကျင် ခိုက်မှုလည်း ပိုမိုဆိုးရွားလာတာ ဖြစ်ပါတယ်။