ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်၊ ဖုပ်ဖရမြို့နယ်၊ ဆီရိရတ့်ဆဒွန်းကျေးရွာအုပ်စုထဲမှာ ဖေဖော်ဝါရီ ၆ ရက် ညနေပိုင်းက အသက် ၁ နှစ်ခွဲကျော် မြန်မာမိန်းကလေးငယ် ၁ ဦး မီတာ ၁၀၀ ကျော်နက်တဲ့ တွင်းကြီးထဲ ပြုတ်ကျသွားခဲ့ပါတယ်။
အသက် ၁ နှစ် ၇ လ ရွယ်ရှိ သဥ္စာမိုးအေး ဆိုသူ ကလေးငယ်ဟာ မိခင်ဖြစ်သူ မအဌေး ( အသက်၂၀ နှစ် ) တောင်ယာလုပ်နေတုန်း အနီးနားမှာ မြေကြီးဆော့ကစားနေရင်း ၁ ပေပတ်လည်သာရှိတဲ့ တွင်းဟောင်းကြီးတစ်ခုထဲ ပြုတ်ကျသွားတာပါ။
မိခင်ဖြစ်သူက အနီးနားတဝိုက်အော်ဟစ်အကူအညီတောင်းပြီးတဲ့နောက် တာ့ခ်ခရိုင်ဝန်ကိုယ်တိုင် ကယ်ဆယ်ရေးအဖွဲ့တွေကို ညွှန်ကြားခဲ့တဲ့အတွက် တာ့ခ်၊ မဲဆောက်နဲ့ ဖုပ်ဖရမြို့နယ်က ကယ် ဆယ်ရေးအဖွဲ့ ၅ ဖွဲ့ ရောက်လာပြီး ဘက်ဟိုးကားတွေနဲ့ အနက် ၁၃ မီတာထိ မြေတွေ တူးထုတ်ခဲ့ပါတယ်၊ ကလေးငယ်ရဲ့ ငိုသံတချက်တချက်ထွက်လာပြီး အသက်ရှူမပြတ်သွားအောင် အောက်ဆီဂျင်ပိုက်တွေလည်း မပြတ်လွှတ်ပေးနေခဲ့ပါတယ်။
ကယ်ဆယ်ရေးအဖွဲ့ဟာ မရပ်မနားဘဲ တညလုံး ကလေးငယ်ကိုရှာဖွေနေသလို မိဘနဲ့ အနီးနားက ရွှေ့ပြောင်းလုပ်သားတွေ၊ ရွာသားတွေလည်းတွင်းနားမှာ မျှော်လင့်ချက်တွေနဲ့ လာရောက် စောင့်ဆိုင်းနေပါတယ်။
ကလေးငယ်ပြုတ်ကျပြီး အချိန် ၁၇ နာရီအကြာ ဖေဖော်ဝါရီ ၇ ရက် မနက် ၉ နာရီကျော်မှာတော့ တွင်းအနက် ၁၅ မီတာမှာ မြေကြီးထဲတစ်နေတဲ့ ကလေးကိုစတွေ့ခဲ့ကာ ဒီမနက် ၉ နာရီ ၅၅ မိနစ်မှာတော့ ကလေးငယ်ကို အသက်ရှင်လျက် အပေါ်ကို ကယ်ထုတ်နိုင်ခဲ့ပါတယ်။
ကယ်ဆယ်ရေးအဖွဲ့က ကလေးကိုပွေ့ချီထွက်လာချိန်မှာ မိဘနှစ်ပါး ဝမ်းသာစွာငိုကြွေးပြီး ရွာသား နဲ့အလုပ်သမားတွေလည်း လက်ခုပ်တီးကာ ကယ်ဆယ်ရေးအဖွဲ့ကို ကျေးဇူးတင်စွာဂုဏ်ပြုခဲ့ ပါတယ်။ ကလေးငယ်ဟာ လက်ရှိ ဖုပ်ဖရဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေပါတယ်။
ထိုင်းနိုင်ငံထဲကို တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာပြည်သားတွေနဲ့ အတူပါလာကြတဲ့ ကလေးသူငယ် အများအပြားဟာ ပညာသင်ကြားခွင့် အပါအဝင် ကလေးအခွင့်အရေးတွေ မဆုံးရှုံးသင့်ဘူးလို့ ထိုင်းလူ့အခွင့်ရေး လှုပ်ရှားသူတွေက ပြောပါတယ်။
အကြမ်းဖက် စစ်ကောင်စီ အာဏာသိမ်းထားတဲ့အတွက် မြန်မာနိုင်ငံမှာ စီးပွားရေးတွေ ဆုတ်ယုတ် နေတာကြောင့်ရော၊ နိုင်ငံရေးနဲ့ လွတ်လပ်ရေး ဆုံးရှုံးနေတာကြောင့် မြန်မာနိုင်ငံသားတွေ နေ့စဉ်လိုလို ထိုင်းနိုင်ငံထဲကို အစုလိုက် အပြုံလိုက် တရားမဝင် ဝင်နေကြတာဖြစ်ပါတယ်။
ဒီလိုဝင်လာတဲ့ သောင်းနဲ့ချီတဲ့ မြန်မာပြည်သား မြန်မာကလေးငယ်တွေဟာ ပညာသင်ကြားခွင့် မဆုံးရှုံးသင့်ဘူးလို့ ထိုင်းလူမျိုး ကလေးအခွင့်အရေး နဲ့ ပညာရေးအခွင့်အရေးဆိုင်ရာ လှုပ်ရှားတက်ကြွသူ နိုင်းစူလဖုန်းကောင်းကျန်းထု(က်) ကပြောပါတယ်။
“ကလေးတွေဟာ တိုင်းပြည်ရဲ့အနာဂတ် ဖြစ်တယ်။ ထိုင်းကို ရောက်လာတဲ့ မြန်မာကလေးတွေကို ပညာသင်ပေးခြင်းအားဖြင့် တချိန်မှာ ဗမာပြည်ပြန်ရင် နှစ်နိုင်ငံကြား ညှိနှိုင်းတာတွေသူတို့လုပ်နိုင်မယ်။ ကလေးတွေမှာ ပညာသင်ခွင့်တွေ ရသင့်တယ်”လို့ ပြောသွားတာပါ။
ကျောင်းအုပ်ဆရာတဦးလည်းဖြစ်တဲ့ နိုင်စူလဖုန်းဟာ ထိုင်းနိုင်ငံ မဲဆောက်မှာ အခြေစိုက်ပြီး နိုင်ငံမဲ့ ကလေးတွေကို ကျောင်းနေခွင့်နဲ့ ထိုင်းမှတ်ပုံတင်တွေရအောင် ဥပဒေကြောင်းအရ ဆောင်ရွက်ပေးနေသူ ဖြစ်ပါတယ်။
ကလေးအခွင့်အရေးနဲ့ ပညာရေးဆိုင်ရာလှုပ်ရှားသူတဦးဖြစ်တဲ့ နိုင်စုံဘွန်း စင်အွန်းကလည်း “မြန်မာကလေးတွေဟာ နယ်စပ်မှာ အလုပ်လာလုပ်တဲ့ မိဘတွေ၊ နိုင်ငံရေးအရ ပြေးလာကြတဲ့ မိဘတွေနဲ့အတူ ပါလာတယ်။ ထိုင်းကျောင်းတိုင်းမှာ သူတို့ တက်ခွင့် မရကြဘူး။ ဘတ်ဂျက် လိုအပ်ချက်ကြောင့် နေလို့ မရတာပါ။” လို့ ပြောပါတယ်။
မြန်မာကလေးတွေ ထိုင်းထဲကို ပြေးလာတော့ သူ့ဆရာ ဆရာမတွေ ကောပါလာသလား။ သင်ရိုးညွှန်းတမ်း စာအုပ်တွေကောပါလာရင် ဒီအတိုင်းသင်ခွင့်ရသင့်တယ်။ ထောက်ပံပေးသင့်တယ်။ တရက်လောက်ဆို ထမင်းကျွေးပြီး ပြန်လွတ်လိုက်။ လချီ နှစ်ချီ ထိုင်းမှာနေရင်တော့ ကလေးတွေ ပညာသင်ရမယ်။ ကျနော်တို့ အကူညီ ပေးရမယ်လို့ ပြောသွားတာပါ။
လတ်တလောမှာ မြန်မာပြည်က ထိုင်းကို တရားမဝင် ဝင်လာသူတွေ များပြားနေသလို အတူပါလာတဲ့ ကလေးတွေရဲ့ ပညာရေး လူမှုရေးအခွင့်အရေးတွေအတွက်ကိုလည်း ထိုင်းလူ့အခွင့်အရေးသမားတွေက စိုးရိမ်ပူပန်နေကြတာဖြစ်ပါတယ်။