close

ထိုင်းနိုင်ငံရောက် မြန်မာကလေးငယ်များအတွက် ပညာသင်ကြားခွင့် မဆုံးရှုံး စေလို

ထိုင်းနိုင်ငံထဲကို တရားမဝင် ဝင်ရောက်လာတဲ့  မြန်မာပြည်သားတွေနဲ့ အတူပါလာကြတဲ့ ကလေးသူငယ် အများအပြားဟာ ပညာသင်ကြားခွင့် အပါအဝင် ကလေးအခွင့်အရေးတွေ မဆုံးရှုံးသင့်ဘူးလို့ ထိုင်းလူ့အခွင့်ရေး လှုပ်ရှားသူတွေက ပြောပါတယ်။

အကြမ်းဖက် စစ်ကောင်စီ အာဏာသိမ်းထားတဲ့အတွက် မြန်မာနိုင်ငံမှာ စီးပွားရေးတွေ ဆုတ်ယုတ် နေတာကြောင့်ရော၊ နိုင်ငံရေးနဲ့ လွတ်လပ်ရေး ဆုံးရှုံးနေတာကြောင့် မြန်မာနိုင်ငံသားတွေ နေ့စဉ်လိုလို ထိုင်းနိုင်ငံထဲကို အစုလိုက် အပြုံလိုက် တရားမဝင် ဝင်နေကြတာဖြစ်ပါတယ်။

ဒီလိုဝင်လာတဲ့ သောင်းနဲ့ချီတဲ့ မြန်မာပြည်သား မြန်မာကလေးငယ်တွေဟာ ပညာသင်ကြားခွင့် မဆုံးရှုံးသင့်ဘူးလို့  ထိုင်းလူမျိုး ကလေးအခွင့်အရေး နဲ့ ပညာရေးအခွင့်အရေးဆိုင်ရာ လှုပ်ရှားတက်ကြွသူ  နိုင်းစူလဖုန်းကောင်းကျန်းထု(က်)  ကပြောပါတယ်။

“ကလေးတွေဟာ တိုင်းပြည်ရဲ့အနာဂတ် ဖြစ်တယ်။ ထိုင်းကို ရောက်လာတဲ့ မြန်မာကလေးတွေကို ပညာသင်ပေးခြင်းအားဖြင့် တချိန်မှာ ဗမာပြည်ပြန်ရင် နှစ်နိုင်ငံကြား ညှိနှိုင်းတာတွေသူတို့လုပ်နိုင်မယ်။ ကလေးတွေမှာ ပညာသင်ခွင့်တွေ ရသင့်တယ်”လို့ ပြောသွားတာပါ။

ကျောင်းအုပ်ဆရာတဦးလည်းဖြစ်တဲ့ နိုင်စူလဖုန်းဟာ ထိုင်းနိုင်ငံ မဲဆောက်မှာ အခြေစိုက်ပြီး နိုင်ငံမဲ့ ကလေးတွေကို ကျောင်းနေခွင့်နဲ့ ထိုင်းမှတ်ပုံတင်တွေရအောင် ဥပဒေကြောင်းအရ ဆောင်ရွက်ပေးနေသူ ဖြစ်ပါတယ်။

ကလေးအခွင့်အရေးနဲ့ ပညာရေးဆိုင်ရာလှုပ်ရှားသူတဦးဖြစ်တဲ့   နိုင်စုံဘွန်း စင်အွန်းကလည်း “မြန်မာကလေးတွေဟာ နယ်စပ်မှာ အလုပ်လာလုပ်တဲ့ မိဘတွေ၊ နိုင်ငံရေးအရ ပြေးလာကြတဲ့ မိဘတွေနဲ့အတူ ပါလာတယ်။ ထိုင်းကျောင်းတိုင်းမှာ သူတို့ တက်ခွင့် မရကြဘူး။ ဘတ်ဂျက် လိုအပ်ချက်ကြောင့် နေလို့ မရတာပါ။” လို့ ပြောပါတယ်။

မြန်မာကလေးတွေ ထိုင်းထဲကို ပြေးလာတော့ သူ့ဆရာ ဆရာမတွေ ကောပါလာသလား။ သင်ရိုးညွှန်းတမ်း စာအုပ်တွေကောပါလာရင် ဒီအတိုင်းသင်ခွင့်ရသင့်တယ်။ ထောက်ပံပေးသင့်တယ်။ တရက်လောက်ဆို ထမင်းကျွေးပြီး ပြန်လွတ်လိုက်။ လချီ နှစ်ချီ ထိုင်းမှာနေရင်တော့ ကလေးတွေ ပညာသင်ရမယ်။ ကျနော်တို့ အကူညီ ပေးရမယ်လို့ ပြောသွားတာပါ။

လတ်တလောမှာ မြန်မာပြည်က ထိုင်းကို  တရားမဝင် ဝင်လာသူတွေ များပြားနေသလို အတူပါလာတဲ့ ကလေးတွေရဲ့ ပညာရေး လူမှုရေးအခွင့်အရေးတွေအတွက်ကိုလည်း ထိုင်းလူ့အခွင့်အရေးသမားတွေက စိုးရိမ်ပူပန်နေကြတာဖြစ်ပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up