close

မြန်မာနည်းပြ

close

May 8, 2023

ဆီးဂိမ်းစ် ဆီမီးဖိုင်နယ်တက်ရန် အုပ်စုနောက်ဆုံးပွဲကို ဗိုလ်လုပွဲကဲ့သို့ ယှဉ်ပြိုင်မည်ဟု မြန်မာနည်းပြပြော

ဆီးဂိမ်းစ်ဘောလုံးပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်တက်ရောက်ဖို့အတွက် ဖိလစ်ပိုင်နဲ့ ကန်ရမယ့် အုပ်စုနောက်ဆုံးပွဲစဉ်ကို ဗိုလ်လုပွဲစဉ်လို ယှဉ်ပြိုင်သွားမယ်လို့ မြန်မာ-ယူ ၂၂ အသင်းနည်းပြ ဖက်ချ်တန်ဘိုင်နာက ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

မနေ့ညနေက ကစားခဲ့တဲ့ အိမ်ရှင် ကမ္ဘောဒီးယားယူ၂၂ အသင်းနဲ့ ပွဲစဉ်မှာ မြန်မာအသင်းက နှစ်ဂိုးဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပြီး  ၂ ပွဲနိုင် ၁ ပွဲရှုံး ရမှတ်၆ မှတ်နဲ့ အင်ဒိုနီးရှားအသင်းရဲ့အောက် ဒုတိယနေရာမှာရပ် တည်ခဲ့ပါတယ်။

အုပ်စုနောက်ဆုံးပွဲစဉ်မှာ မြန်မာအသင်းက အုပ်စုအောက်ဆုံးက ဖိလစ်ပိုင်နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပြီး အိမ်ရှင်ကမ္ဘောဒီးယားက အုပ်စုပထမသေချာပြီးသား အင်ဒိုနီးရှားနဲ့ ယှဉ်ပြိုင်သွားရမှာပါ။

မြန်မာနည်းပြ ဖက်ချ်တန်ဘိုင်နာ က “ဆီမီးဖိုင်နယ်တက်ရောက်နိုင်ဖို့အတွက် ဖိလစ်ပိုင်နဲ့ပွဲကို ဗိုလ်လုပွဲတစ်ပွဲလိုက စားသွားရမှာပါ။ ဖိလစ်ပိုင် အသင်းကလည်း အမှတ်အလကားပေးမှာတော့မဟုတ်ပါဘူး။ သူတို့ကဖိအားမရှိဘဲ ကျနော်တို့နဲ့ကစားရမှာဖြစ်ပေမဲ့ ကျနော်တို့ကတော့ နိုင်မှဖြစ်မယ်ဆိုတဲ့ဖိအားရှိနေပါတယ်။ ဒီလိုပြိုင်ပွဲမျိုးမှာ တစ်ပွဲချင်းစီ သေချာစွာနဲ့ ချဉ်းကပ်ပြင်ဆင်ဖို့အရေးကြီးပါတယ်။ ဖိလစ်ပိုင်ကို အနိုင်ရမှသာ အိမ်ရှင်နဲ့ အင်ဒိုနီးရှားပွဲကို စိတ်ချလက်ချထိုင်ကြည့်နေလို့ရမှာပါ။ အနိုင်မရခဲ့ရင် တော့ အိမ်ရှင်အသင်းရဲ့ပွဲကို စောင့်ကြည့်နေရပါဦးမယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ကမ္ဘောဒီးယားနဲ့ပွဲမှာ အနိုင်ရလဒ် စွမ်းဆောင်ပေးခဲ့တဲ့ ကစားသမားတွေ အားလုံးရဲ့ စွမ်းဆောင်မှုကို ကျေနပ်ကြောင်း ပထမပိုင်းမှာ ကစားပုံ အရမ်းကောင်းခဲ့ပြီး ဂိုးလည်းရခဲ့သလို ဖန်တီးမှုတွေလည်း ပြုလုပ်နိုင်ခဲ့ကြောင်း ဒုတိယပိုင်းမှာတော့ အိမ်ရှင်အသင်းရဲ့ တိုက်စစ်ကို စနစ်တကျ ထိန်းပြီး ကစားနိုင်ခဲ့ကြောင်း နည်းပြက ပြောပါတယ်။

မြန်မာအသင်းတွက် တစ်ဂိုးသွင်းပေးခဲ့တဲ့ ဟိန်းထက်အောင်က” ဒီနေ့ပွဲ အနိုင်ရရှိလို့ အသင်းဖော်တွေ အားလုံးကို ကျေးဇူးတင် ဂုဏ်ပြုပါတယ်။ ကျနော်တို့အားလုံး နည်းပြကြီး မှာကြားထားသလို ကစားနိုင်ခဲ့တယ်။ ပထမပိုင်း ကစားပုံ သိပ်ကောင်းခဲ့ပါတယ်။ ဒုတိယပိုင်း ကျနော်တို့ အိမ်ရှင်အသင်း ချေပဂိုးရဖို့ ကြိုးစားတာကို စနစ်တကျ ဟန့်တားနိုင်ခဲ့တယ်။ ဒီပွဲ အနိုင်အတွက် ပျော်ပါတယ်။ အုပ်စုတက်ဖို့ ဖိလစ်ပိုင်နဲ့ပွဲစဉ်ကို ကြိုးစားပြီး ယှဉ်ပြိုင်သွားပါမယ်”လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

မြန်မာ အသင်းအနေနဲ့ ဆီမီးဖိုင်နယ်တက်ဖို့အတွက် မေလ ၁၀ ရက်နေ့ ညနေမှာ ကန်ရဲ့မယ့် ဖိလစ်ပိုင်နဲ့ပွဲမှာ အနိုင်ရဖို့ လိုအပ်ပြီး အနိုင်မရခဲ့ရင်တော့ အင်ဒိုနီးရှားအသင်းက ကမ္ဘောဒီးယားကို အနိုင်ရဖို့လိုအပ်မှာဖြစ်ပါတယ်။

Photo-MFF

6 mins Ago

May 8, 2022

“ဆီးဂိမ်းစ်ပြိုင်ပွဲအတွက် အဆင်သင့်ပါပဲ။...ဘယ်အသင်းကိုမှ စိုးရိမ်နေမှာမဟုတ်ပါဘူး” -မြန်မာနည်းပြ

ဗီယက်နမ်ဆီးဂိမ်းပြိုင်ပွဲမှာ ဘယ်အသင်းကိုမှ စိုးရိမ်နေစရာမရှိကြောင်း မြန်မာနည်းပြ ဗယ်လီ ဇာပိုပေါ့ဗ်က ပြောပါတယ်။ 

ပြိုင်ပွဲမတိုင်မီ ကျင်းပပြုလုပ်ခဲ့တဲ့ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ မြန်မာ ယူ ၂၃ နည်းပြ ပိုပေါ့ဗ်က ပြိုင်ပွဲအတွက် အဆင်သင့်ဖြစ်နေပြီး ဘယ်အသင်းကိုမှ စိုးရိမ်မှုမရှိကြောင်း ထည့် သွင်းပြောကြားခဲ့တာပါ။ 

မြန်မာအသင်းဟာ အိမ်ရှင် ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင် နဲ့ အရှေ့တီမောအသင်းတို့ ပါဝင်တဲ့ အုပ်စု A မှာကျရောက်နေပြီး မေ၈ ရက်နေ့ အရှေ့တီမော အသင်းနဲ့ စတင်ယှဉ်ပြိုင်သွားရမှာပါ။

“ဆီးဂိမ်းစ်ပြိုင်ပွဲအတွက် အသင်းကို တနှစ်ကျော်အချိန် ယူပြင်ဆင်လေ့ကျင့်ခဲ့တယ်။ ကိုဗစ်ရောဂါပိုးကြောင့် ပြည်တွင်းလိဂ်တွေ ရပ်နားထားချိန်မှာ အသင်းကို စနစ်တကျ အချိန်ယူဖွဲ့စည်းခဲ့ပြီး ပြင်းပြင်းထန်ထန်လေ့ကျင့်ထားပါတယ်။ ဆီးဂိမ်းစ်ပြိုင်ပွဲအတွက် အဆင်သင့်ပါပဲ။ ပြိုင်ဘက်အသင်းအားလုံးကို လေးစားမှုအပြည့်ရှိပါတယ်။ ဒါပေမဲ့ ဘယ်အသင်းကိုမှ စိုးရိမ်နေမှာ မဟုတ်ပါဘူး။ တပွဲချင်းကို အာရုံစိုက်ပြီး ရလဒ်ကောင်းရရှိအောင်ကြိုးစားသွားမှာပါ” လို့  ဘူလ်ဂေးရီယားလူမျိုးနည်းပြ ပိုပေါ့ဗ်က ပြောပါတယ်။ 

အုပ်စု A က အသင်းတွေရဲ့ အဖွင့်ပွဲစဉ်တွေကို မနေ့ကယှဉ်ပြိုင်ကစားခဲ့ပြီး ဗီယက်နမ်က အင်ဒိုနီးရှားကို ၃ ဂိုး ဂိုးမရှိ၊ ဖိလစ်ပိုင်က အရှေ့တီမောကို ၄ ဂိုး ဂိုးမရှိရလဒ်တွေနဲ့ အသီးသီးအနိုင်ရခဲ့ပါတယ်။ 

12 months Ago
Up