“ဆီးဂိမ်းစ်ပြိုင်ပွဲအတွက် အဆင်သင့်ပါပဲ။…ဘယ်အသင်းကိုမှ စိုးရိမ်နေမှာမဟုတ်ပါဘူး” -မြန်မာနည်းပြ

ဗီယက်နမ်ဆီးဂိမ်းပြိုင်ပွဲမှာ ဘယ်အသင်းကိုမှ စိုးရိမ်နေစရာမရှိကြောင်း မြန်မာနည်းပြ ဗယ်လီ ဇာပိုပေါ့ဗ်က ပြောပါတယ်။
ပြိုင်ပွဲမတိုင်မီ ကျင်းပပြုလုပ်ခဲ့တဲ့ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ မြန်မာ ယူ ၂၃ နည်းပြ ပိုပေါ့ဗ်က ပြိုင်ပွဲအတွက် အဆင်သင့်ဖြစ်နေပြီး ဘယ်အသင်းကိုမှ စိုးရိမ်မှုမရှိကြောင်း ထည့် သွင်းပြောကြားခဲ့တာပါ။
မြန်မာအသင်းဟာ အိမ်ရှင် ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင် နဲ့ အရှေ့တီမောအသင်းတို့ ပါဝင်တဲ့ အုပ်စု A မှာကျရောက်နေပြီး မေ၈ ရက်နေ့ အရှေ့တီမော အသင်းနဲ့ စတင်ယှဉ်ပြိုင်သွားရမှာပါ။
“ဆီးဂိမ်းစ်ပြိုင်ပွဲအတွက် အသင်းကို တနှစ်ကျော်အချိန် ယူပြင်ဆင်လေ့ကျင့်ခဲ့တယ်။ ကိုဗစ်ရောဂါပိုးကြောင့် ပြည်တွင်းလိဂ်တွေ ရပ်နားထားချိန်မှာ အသင်းကို စနစ်တကျ အချိန်ယူဖွဲ့စည်းခဲ့ပြီး ပြင်းပြင်းထန်ထန်လေ့ကျင့်ထားပါတယ်။ ဆီးဂိမ်းစ်ပြိုင်ပွဲအတွက် အဆင်သင့်ပါပဲ။ ပြိုင်ဘက်အသင်းအားလုံးကို လေးစားမှုအပြည့်ရှိပါတယ်။ ဒါပေမဲ့ ဘယ်အသင်းကိုမှ စိုးရိမ်နေမှာ မဟုတ်ပါဘူး။ တပွဲချင်းကို အာရုံစိုက်ပြီး ရလဒ်ကောင်းရရှိအောင်ကြိုးစားသွားမှာပါ” လို့ ဘူလ်ဂေးရီယားလူမျိုးနည်းပြ ပိုပေါ့ဗ်က ပြောပါတယ်။
အုပ်စု A က အသင်းတွေရဲ့ အဖွင့်ပွဲစဉ်တွေကို မနေ့ကယှဉ်ပြိုင်ကစားခဲ့ပြီး ဗီယက်နမ်က အင်ဒိုနီးရှားကို ၃ ဂိုး ဂိုးမရှိ၊ ဖိလစ်ပိုင်က အရှေ့တီမောကို ၄ ဂိုး ဂိုးမရှိရလဒ်တွေနဲ့ အသီးသီးအနိုင်ရခဲ့ပါတယ်။