မြန်မာ့ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူ ၄ ဦးကို စစ်ကောင်စီက အကျဉ်းထောင်ထဲမှာ ကွပ်မျက်ခဲ့တဲ့အပေါ် မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံအစိုးရနဲ့ အတိုက်အခံပါတီတွေက ဝမ်းနည်းကြောင်း ထုတ်ပြန်ခဲ့ကြပါတယ်။
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ ၊ အန်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ကိုဖြိုးဇေယျာသော်နဲ့ စစ်အာဏာရှ င်ဆန့်ကျင်သူ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့ စစ်ကောင်စီက အကျဉ်းထောင်ထဲမှာ သေဒဏ်ပေး ကွပ်မျက်ခဲ့တာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ တက်ကြွလှုပ်ရှားသူ ၄ ဦးသေဒဏ်ပေးခံရတဲ့အတွက် ဝမ်းနည်းကြောင်းနဲ့ နိုင်ငံရေးပြဿနာတွေကို သက်ဆိုင်သူတွေအားလုံး ပူးပေါင်းပါဝင်ဖြေရှင်းဖို့ မျှော်လင့်တဲ့အကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြန်ကြားရေးဌာန ညွှန်ကြားရေးမှူးချုပ်နဲ့ ပြောရေးဆိုခွင့်ရှိသူ ထားနီးဆိုင်ရတ်က ဇူလိုင် ၂၆ ရက်မှာ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံစဉ်ပြောကြားခဲ့ပါတယ်။
ဒီဖြစ်ရပ်ကြောင့် မြန်မာ့အရေး ပိုမိုရှုပ်ထွေးကာ ပြဿနာပိုကြီးလာမှာကို စိုးရိမ်မကင်းဖြစ်မိကြောင်း၊ ဒါဟာ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလမ်းစဉ်ကို အဟန့်အတားဖြစ်စေပြီး နိုင်ငံရေးပဋိပက္ခကို အင်အားသုံးတဲ့နည်း အကြမ်းဖက်နည်းနဲ့ ဖြေရှင်းနိုင်မှာမဟုတ်ဘူးလို့လည်း ထိုင်းအစိုးရက ပြောသွားပါတယ်။
ထိုင်းအတိုက်အခံပါတီကြီးတစ်ခုဖြစ်တဲ့ PAT ဖွေ့ထိုင်းပါတီ ( ရှပ်နီပါတီ ) ကလည်း ဒီကိစ္စအပေါ်မှာ လွန်စွာစိုးရိမ်ပူပန်မှုဖြစ်ပြီး မြန်မာနိုင်ငံသားတွေအပေါ် ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်အားလုံးကို ရှုတ်ချကြောင်း ဇူလိုင်လ ၂၆ ရက်မှာ ကြေညာပါတယ်။
ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ ၄ ဦးကို ဆုံးရှုံးခဲ့ရတဲ့ မြန်မာပြည်သူတွေနဲ့ထပ်တူ ဝမ်းနည်းကြောင်းနဲ့ စိတ်ခွန်အားပေးပို့ပါကြောင်း၊ ဒီလုပ်ရပ်ကို ဆန့်ကျင်တဲ့ နိုင်ငံတကာအသိုက်အဝန်းရဲ့ အသံတွေထဲမှာ သူတို့အသံလည်း ပါဝင်ကြောင်း၊ ဖွေ့ထိုင်းပါတီအနေနဲ့ ထိုင်းနိုင်ငံနဲ့တကွ တခြားဒီမိုကရေစီနိုင်ငံက ကျင့်သုံးနေတဲ့ နိုင်ငံသားတိုင်းဟာ ဒီမိုကရေစီတောင်းဆိုခြင်း၊ ဥပဒေကြောင်းအရအကာအကွယ်ပေးခြင်း၊ အာမခံရပိုင်ခွင့်ရှိခြင်း ရှိရမယ်ဆိုတဲ့ နိုင်ငံသားအခွင့်အရေးဆိုင်ရာ မူဝါဒအပေါ် ရပ်တည်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။
ဒါ့အပြင် ထိုင်းအတိုက်အခံပါတီတခုဖြစ်တဲ့ Move Forward Party ကောက်ကလိုင်ပါတီ ခေါင်းဆောင် နိုင်းဖိထားလိုမ့်ကျရွန်းရတ်ကလည်း ဒီဖြစ်ရပ်ပေါ်မှာ ထိတ်လန့် တုန်လှုပ်ပြီး လွန်စွာစိတ်မကောင်းဖြစ်ရကြောင်း၊ ဒီလိုရက်စက်ကြမ်းကြုတ်တဲ့လုပ်ရပ်တွေကိုလည်း ရှုတ်ချကြောင်း သူ့ရဲ့လူမှုကွန်ရက်မှာ ဇူလိုင် ၂၅ ရက်နေ့စွဲနဲ့ ရေးသားဖော်ပြခဲ့ပါတယ်။
မြန်မာစစ်ကောင်စီဟာ အရပ်သားတွေအပေါ် အကြမ်းဖက်မှုချက်ချင်း ရပ်တန့်ရေး အပါအဝင် အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို အကြိမ်ကြိမ် ချိုးဖောက်ခဲ့ကြောင်း၊ မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ် ပြန်ထူထောင်ဖို့ အာဆီယံအဖွဲ့ဝင်အားလုံးနဲ့ လက်တွဲဆောင်ရွက်ဖို့ တိုက်တွန်းကြောင်း၊ မြန်မာစစ်အစိုးရရဲ့ အသိဉာဏ်မဲ့ သတ်ဖြတ်မှုတွေကို Move Forward ပါတီအနေနဲ့ လုံးဝလက်မခံနိုင်ဘဲ အာဏာကိုပြည်သူ့ထံ ပြန်အပ်နှင်းဖို့လည်း တိုက်တွန်းထားပါတယ်။
Move Forward Party ဟာ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်ပြီး မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ်ထွန်းကားဖို့အတွက် ထိုင်းအစိုးရအနေနဲ့ ဖိအားပေးဖို့ ပါတီကလည်း အစွမ်းကုန် ဆောင်ရွက်နေကြောင်း ရေးသားထားပါတယ်။
မြန်မာ့ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူ အာဇာနည် ၄ ဦး အသတ်ခံရတာနဲ့ပတ်သက်ပြီး ယမန်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးရှေ့မှာ မြန်မာနိုင်ငံသားတွေဆန္ဒပြခဲ့ရာမှာ Move Forward Party နဲ့ PAT ဖွေ့ထိုင်းပါတီဝင်တချို့လည်း ပူးပေါင်း ပါဝင်ခဲ့ကြပါတယ်။
ကိုးကား- Matichon/Prachachat/PoliticsKalaland
မြန်မာပြည်သူတွေရဲ့ လူ့အခွင့်အရေးကို ကာကွယ်ပေးဖို့၊ လူသားချင်းစာနာမှု အကူအညီပေးဖို့၊ အားလုံးပါဝင် ကိုယ်စားပြုခွင့်ရှိတဲ့ ဒီမိုကရေစီအရေးလှုပ်ရှားမှုကို အားပေးထောက်ခံဖို့ မြန်မာပြည်သူတွေနဲ့အတူ ဆက်လက်လုပ်ဆောင်သွားမယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်က ထပ်လောင်း ပြောကြားလိုက်ပါတယ်။
နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်က မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားသူတွေနဲ့ အွန်လိုင်းကနေ တွေ့ဆုံဆွေးနွေးရာမှာ ပြောဆိုခဲ့တာလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် နက်ဒ်ပရိုက်စ်က ဖေဖော်ဝါရီ ၃ ရက်မှာ ကြေညာချက် ထုတ်ပြန်ပြောပါတယ်။
ဝန်ကြီးအန်တိုနီဘလင်ကန်ဟာ မြန်မာနိုင်ငံမှ တက်ကြွလှုပ်ရှားသူတွေနဲ့ဆွေးနွေးခဲ့ရာမှာ လွန်ခဲ့တဲ့ တစ်နှစ်က စစ်အာဏာသိမ်းယူခဲ့ချိန်ကစလို့ မြန်မာစစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ အကြမ်းဖက်မှုတွေကို ရင်ဆိုင်ရင်း မိမိတို့ရဲ့ တိုင်းပြည်ကို ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ဖို့ ကြိုးပမ်းနေကြသူတွေရဲ့ ကြိုးပမ်းအားထုတ်မှုတွေအကြောင်းကို ကြားသိခဲ့ရတယ်လို့ ဆိုပါတယ်။
မြန်မာအကျပ်အတည်းကို ဖြေရှင်းရာမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ နှိပ်စက်ကလူပြုမှုတွေ အဆုံးသတ်ရေး၊ မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူအားလုံးကို ပြန်လွှတ်ပေးရေးနဲ့ မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိစေရေးတို့အတွက် စစ်အာဏာရှင်ကိုဖိအားပေးဖို့၊ ပစ်မှတ်ထားအရေးယူပိတ်ဆို့မှုတွေအပါအဝင် အမေရိကန်အစိုးရရဲ့ သံတမန်ရေးနဲ့ စီးပွားရေးဆိုင်ရာ လုပ်ဆောင်ချက်တွေ အကြောင်း နိုင်ငံခြားရေးဝန်ကြီးက ရှင်းလင်းပြောကြားခဲ့တယ်လို့ ဆိုပါတယ်။
မြန်မာစစ်တပ်ရဲ့ ကြမ်းကြုတ်ရက်စက်တဲ့ လုပ်ရပ်တွေ အကြောင်းကိုလည်း သိရှိမှတ်သားခဲ့ပြီး တာဝန်ရှိသူတွေ တာဝန်ခံ၊ တာဝန်ယူမှုရှိစေဖို့ အရေးတကြီးလိုအပ်နေတယ်လို့ ဝန်ကြီး ဘလင်ကန်က အလေးပေး ပြောကြားခဲ့ကြောင်း အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းတဲ့ ၁ နှစ်ပြည့်ချိန် ဇန်နဝါရီ ၃၁ ရက်က မြန်မာစစ်အုပ်စုနဲ့ ဆက်နွှယ်နေတဲ့ လူပုဂ္ဂိုလ် ၇ ယောက်နဲ့ အဖွဲ့အစည်း ၂ ခုကို အမေရိကန်အစိုးရက ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ခဲ့ပါတယ်။