close

မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားမှုကို ဆက်လက်အားပေးထောက်ခံမည်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးပြော

Photo- Blinken Twitter

မြန်မာပြည်သူတွေရဲ့ လူ့အခွင့်အရေးကို ကာကွယ်ပေးဖို့၊ လူသားချင်းစာနာမှု အကူအညီပေးဖို့၊  အားလုံးပါဝင် ကိုယ်စားပြုခွင့်ရှိတဲ့ ဒီမိုကရေစီအရေးလှုပ်ရှားမှုကို အားပေးထောက်ခံဖို့ မြန်မာပြည်သူတွေနဲ့အတူ ဆက်လက်လုပ်ဆောင်သွားမယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်က ထပ်လောင်း ပြောကြားလိုက်ပါတယ်။

နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်က  မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားသူတွေနဲ့ အွန်လိုင်းကနေ တွေ့ဆုံဆွေးနွေးရာမှာ ပြောဆိုခဲ့တာလို့   အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန  ပြောခွင့်ရပုဂ္ဂိုလ် နက်ဒ်ပရိုက်စ်က   ဖေဖော်ဝါရီ ၃ ရက်မှာ ကြေညာချက် ထုတ်ပြန်ပြောပါတယ်။ 

ဝန်ကြီးအန်တိုနီဘလင်ကန်ဟာ မြန်မာနိုင်ငံမှ တက်ကြွလှုပ်ရှားသူတွေနဲ့ဆွေးနွေးခဲ့ရာမှာ လွန်ခဲ့တဲ့ တစ်နှစ်က စစ်အာဏာသိမ်းယူခဲ့ချိန်ကစလို့ မြန်မာစစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ အကြမ်းဖက်မှုတွေကို ရင်ဆိုင်ရင်း မိမိတို့ရဲ့ တိုင်းပြည်ကို ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ဖို့ ကြိုးပမ်းနေကြသူတွေရဲ့  ကြိုးပမ်းအားထုတ်မှုတွေအကြောင်းကို ကြားသိခဲ့ရတယ်လို့ ဆိုပါတယ်။

မြန်မာအကျပ်အတည်းကို ဖြေရှင်းရာမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ နှိပ်စက်ကလူပြုမှုတွေ အဆုံးသတ်ရေး၊ မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူအားလုံးကို ပြန်လွှတ်ပေးရေးနဲ့ မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိစေရေးတို့အတွက် စစ်အာဏာရှင်ကိုဖိအားပေးဖို့၊ ပစ်မှတ်ထားအရေးယူပိတ်ဆို့မှုတွေအပါအဝင်  အမေရိကန်အစိုးရရဲ့ သံတမန်ရေးနဲ့ စီးပွားရေးဆိုင်ရာ လုပ်ဆောင်ချက်တွေ အကြောင်း  နိုင်ငံခြားရေးဝန်ကြီးက ရှင်းလင်းပြောကြားခဲ့တယ်လို့ ဆိုပါတယ်။ 

မြန်မာစစ်တပ်ရဲ့ ကြမ်းကြုတ်ရက်စက်တဲ့ လုပ်ရပ်တွေ အကြောင်းကိုလည်း သိရှိမှတ်သားခဲ့ပြီး တာဝန်ရှိသူတွေ တာဝန်ခံ၊ တာဝန်ယူမှုရှိစေဖို့ အရေးတကြီးလိုအပ်နေတယ်လို့ ဝန်ကြီး ဘလင်ကန်က အလေးပေး ပြောကြားခဲ့ကြောင်း အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ 

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းတဲ့ ၁ နှစ်ပြည့်ချိန် ဇန်နဝါရီ ၃၁ ရက်က  မြန်မာစစ်အုပ်စုနဲ့ ဆက်နွှယ်နေတဲ့ လူပုဂ္ဂိုလ် ၇ ယောက်နဲ့ အဖွဲ့အစည်း ၂ ခုကို အမေရိကန်အစိုးရက ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up