ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ မြေနီကုန်းတံတားဦးဘက်ကကျေးရွာတွေကို စစ်ကောင်စီတပ်က ဧပြီ ၁၁ ရက်မှာ လေကြောင်းကနေ တိုက်ခိုက်နေတာကြောင့် ရွာသားတွေ တိမ်းရှောင် ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီမနက် ၈ နာရီလောက်ကစတင်ပြီး မြဝတီမြို့အနီးတဝိုက်ကက ကျေးရွာတွေနားမှာ စစ်ကောင်စီတပ်ဩဇာခံ BGF ပူးပေါင်းတပ်တွေနဲ့ KNLA၊ PDF ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေတိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီက လေကြောင်း တိုက်ခိုက်နေတဲ့အတွက် ပြည်သူတွေရဲ့ နေအိမ်တချို့လည်း ပျက်စီးသွားပါတယ်။
မြဝတီမြို့ခံတဦးက "တိုက်ပွဲတွေဖြစ်နေတာက ၃ ရက် ၄ ရက်လောက်ကတည်းက ကြာပြီဗျ။ ဒီနေ့မနက်ကတော့ ၈ နာရီကျော်လောက် မြဝတီအကျော်လေး၊ မြေနီကုန်းတံတားဦးဘက်ကို လေယာဥ်တွေနဲ့ပစ်နေတာ၊ အဲ့နေရာမှာက ပြည်သူတွေကြိုးကြားကြိုးကြားနေပါတယ်။ အဓိက တောင်ယာလုပ်တဲ့သူတွေပေါ့။ အခုတော့ပြေးပြီ စစ်ဘေးရှောင်စခန်းတွေကိုတော့မဟုတ်ဘူး။ နီးစပ်ရာဘေးလွတ်တဲ့ နေရာတွေကိုပေါ့ မြဝတီလမ်းမကြီးကနေ ဘယ်ဘက်ကိုချိုးပြီး ဝင်သွားရတဲ့နေရာပါ။ အခုထိပစ်နေတာအိမ်တွေပါတုန်တယ်။ မြို့ထဲမှာတော့ လက်ရှိ ငြိမ်နေသေးတယ်"လို့ ပြောပါတယ်။
မြဝတီမြို့နယ်တစ်ဝိုက်မှာ ပြီးခဲ့တဲ့ သီတင်းပတ်ကတည်းက စစ်ကောင်စီနဲ့ လက်အောက်ခံ BGF ပူးပေါင်းတပ်တွေနဲ့ KNU/KNLA နဲ့ PDF ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲတွ ပြင်းထန်စွာဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဘက်က ၂၈ ဦးသေဆုံးပြီ ၃ ဦးအရှင်ဖမ်းမိခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်းက ဧပြီ ၁၀ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
ဧပြီ ၄ ရက်မှာ စစ်ကောင်စီလက်အောက်ခံ စခန်းကုန်းကိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ၈ ဦး သေဆုံးပြီး BGF ၁ ဦးနဲ့ သတင်းပေး ၂ ဦး အရှင်ဖမ်းမိခဲ့ပြီး ကျားသစ်နက်စစ်ကြောင်းက ရဲဘော် ၂ ဦး ကျဆုံးခဲ့ပါတယ်။
ဧပြီ ၅ ရက်နဲ့ ၆ ရက်နေ့တွေမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးတွေနဲ့ အကြိမ် ၂၀ ထက်မနည်းပစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။
ဧပြီ ၇ ရက်မှာ စစ်ကောင်စီနဲ့ BGFပူးပေါင်းတပ်တွေက မြဝတီကုန်သွယ်ရေးဇုန်အနီး မဲကနယ်ကျေးရွာကို အင်အားအလုံးအရင်းနဲ့ နေရာ(၃)နေရာကနေ စစ်ကြောင်းထိုးဝင်လာခဲ့ပြီး တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦး သေဆုံးခဲ့ပါတယ်။
ဧပြီ ၈ ရက်က စစ်ကောင်စီတပ်တွေဘက်မှ လက်နက်ကြီးနဲ့ အကြိမ် ၁၀၀ အထက်ပစ်ခတ်ပြီး အင်အားအလုံးအရင်းနဲ့ မဲကနယ်ရွာကို ထပ်မံစစ်ကြောင်းထိုးခဲ့တဲ့အတွက် တိုက်ပွဲပြင်းထန်ခဲ့ရာမှာ စစ်ကောင်စီတပ်ဘက်မှ ၁၁ ဦး သေဆုံးခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့တွေဘက်မှ ရဲဘော် ၁ ဦး သေဆုံးခဲ့ပါတယ်။
ဧပြီ ၉ ရက်နေ့မှာလည်း စစ်တပ်က လက်နက်ကြီးနဲ့ အကြိမ်ရေ ၈၀ လောက် ပစ်ခတ်ခဲ့ပြီး စစ်ကြောင်းထိုးလာလို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး BGF ကျော်စိုးစခန်းကုန်းက စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး ထပ်မံသေဆုံးခဲ့ပါတယ်။
အဆိုပါတိုက်ပွဲတွေမှာ ကော်ဘရာစစ်ကြောင်း၊ KNU/KNLA တပ်မဟာ(၆)၊ ကျားသစ်နက်စစ်ကြောင်း၊ Golden Eagle၊ ရောင်နီ၊ Federal Wings တို့ကပူးပေါင်းပါဝင်ခဲ့ပါတယ်။
တိုက်ပွဲ ၆ ရက်တာ တိုက်ပွဲအတွင်းမှာ စစ်တပ်ဖွဲ့ဝင်တွေဆီကနေ နင်းမိုင်း ၂ လုံး၊ ၆၀ မမ (၁) လုံး၊ ကပစ ကျည်တောင့် ၂၀၀ ၊ AK တလက်၊ ကျည်ပေါက် ၄ ပေါက်၊ လက်ပစ်ဗုံး ၄ လုံး၊ 40 mm (၂၀) လုံး ၊ 7.62 အတောင့် ၂၀၀ ၊ ကာဘိုင်ကျည် အတောင့် ၂၄၀ ၊ ၅ ဒသမ ၅၆ MA ကျည် အတောင့် ၄၀၀ ၊ AK ကျည်ဆန် အတောင့် ၂၀၀ နဲ့ Huawei ဖုန်းတလုံးတို့ကို သိမ်းဆည်းရမိခဲ့ပါတယ်။
တိုက်ပွဲအခြေအနေတွေကြောင့် ဧပြီ ၇ ရက်မှစပြီး ၂၁ ရက်အထိ မြဝတီမှ ကော့ကရိတ်အထိ အာရှလမ်းမကြီး လမ်းပိုင်းကို ဖြတ်သန်းသွားလာခြင်း လုံးဝမလုပ်ကြဖို့ မြေပြင်ပူးပေါင်းစစ်ကြောင်းတွေက သတိပေးထားပါတယ်။
ဓာတ်ပုံ-ကော်ဘရာစစ်ကြောင်း
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ မဲကနယ်ကျေးရွာအုပ်စု၊ ဖားချောင်းကျေးရွာမှာ ဖေဖော်ဝါရီ ၁၉ ရက် နေ့လယ်က ဂိုဒေါင် တလုံး မီးလောင်ခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန် ပါတယ်။
မနေ့ မွန်းလွဲ ၁၂ နာရီခွဲလောက် မြဝတီ၊ အမှတ်(၁၀၂၂)လမ်းမှာ ဂိုဒေါင်မီးလောင်မှုဖြစ်ပွားလို့ မြဝတီခရိုင်မီးသတ်စခန်းအပါအဝင် တခြားမီးသတ်စခန်းတွေက မီးသတ်တပ်ဖွဲဝင်တွေ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာမှာ နေ့လည် ၁ နာရီခွဲမှာ မီးငြိမ်းသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဂိုဒေါင်ပိုင်ရှင်နဲ့ နီးစပ်သူက "အဲဒီဂိုဒေါင်က ပြောင်းဆန်သိုလှောင်တာလို့ ပြောတယ်။ တွဲကား တစီး လည်း မီးလောင်တဲ့ အထဲပါသွားတယ်။ မီးလောင်မှုဖြစ်တော့ ဂိုဒေါင်ထဲမှာက ပြောင်းဆန်တွေ အပြည့်။ ဘယ်က လောင်လဲတော့ သေချာ ဘယ်သူ့မှ မသိကြဘူး" လို့ ပြောပါတယ်။
အဆိုပါမီးလောင်မှုမှာ လူထိခိုက်ဒဏ်ရာရတာမရှိပါဘူး။ ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို မီးသတ်တပ်ဖွဲ့ တာဝန်ရှိသူတွေက ဆက်လက်စစ်ဆေးအတည်ပြုနေပြီးတော့ မီးလောင်မှုဖြစ်ပွားရတဲ့ အကြောင်းအရင်းကိုလည်း လတ်တလောမသိရသေးဘူးလို့ နယ်မြေခံလူမှုကူညီရေးအသင်းတွေနဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။
ဓာတ်ပုံ-MFSD