close

မြဝတီ-ဝေါလေလမ်း

close

August 22, 2022

မြဝတီ-ဝေါလေလမ်းတွင် တိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ်က ၃ ဦးသေ၊ ကော်ဘရာ စစ်သည် ၁ ဦးကျဆုံး

ကရင်ပြည်နယ်၊ မြဝတီ-ဝေါလေ ကားလမ်းမပေါ်မှာ ဇူလိုင် ၂၂ ရက် ဒီမနက်က တပ်မ ၄၄ လက်အောက်ခံ စစ်ကောင်စီတပ်တွေနဲ့ ကော်ဘရာစစ်ကြောင်းတို့ တိုက်ပွဲဖြစ်ရာမှာ စစ်ကောင်စီဘက်က ၃ ယောက် သေဆုံးပြီး ကော်ဘရာစစ်ကြောင်းဘက်က ပြည်သူ့စစ်သည် ၁ ယောက် ကျဆုံးခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်တွေဟာ မြဝတီ-ဝေါ်လေလမ်းမ‌၊ သုံးထပ်ကွေ့အနီး ကော်ဘရာစစ်ကြောင်း လုံခြုံရေးတာဝန်ယူထားတဲ့ နေရာတွေကို ဒီကနေ့မနက် ၉ နာရီခွဲ လောက်ကစတင်ပြီးတော့ ညနေ ၅ နာရီလောက်အထိ ကျူးကျော်ဖို့ အပြင်းအထန် ထိုးစစ်ဆင်ခဲ့တာလို့ ဆိုပါတယ်။

အဲဒီလို ထိုးစစ်ဆင်ရာမှာ အကြမ်းဖက်စစ်ကောင်စီကနေ လက်နက်ကြီး ပစ်ကူအမြောက်အမြားနဲ့ စစ်မျက်နှာများစွာဖွင့်ကာ ကျူးကျော်ထိုးစစ်ဆင်နွှဲခဲ့တာမို့ ဒီကနေ့တနေ့တာလုံး ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးတော့ စစ်ကောင်စီဘက်က ဒဏ်ရာရသူ အမြောက်အများရှိခဲ့ပြီး စိစစ်နေဆဲဖြစ်ကာ ကော်ဘရာစစ်ကြောင်းဘက်ကတော့ စစ်သည်တော် ၃ ယောက် မစိုးရိမ်ရတဲ့ ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

ကော့ကရိတ်မြို့အရှေ့ဘက် တမိုင်ကျော်အကွာ ကော့နွဲရွာအနီးမှာ ကျူးကျော်ရောက်ရှိလာတဲ့ စစ်ကောင်စီတပ်နဲ့ KNLAပူးပေါင်းတပ်ဖွဲ့တွေ ဒီနေ့ညနေ ၆ နာရီလောက်မှာ တိုက်ပွဲ နာရီဝက်လောက် ဖြစ်ပွားခဲ့ပြီး  ကော့ကရိတ်မြို့အခြေစိုက် ၉၇ တပ်ရင်းကနေ တိုက်ပွဲဖြစ်နေရာကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့  KNLA သတင်းရင်းမြစ်ကပြောပါတယ်။

အခုသီတင်းပတ်တွေအတွင်း ကရင်ပြည်နယ် အရှေ့ဘက် ကော့ကရိတ်မြို့တိုက်ပွဲနဲ့ မြဝတီမြို့တောင်ဘက်တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဘက်က အကျဆုံးများနေပြီး  စစ်ကောင်စီဘက်မှ တိုင်းမှူးအသစ် အပြောင်းအလဲလုပ်ထားပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ ခုခံစစ်ကို ဆင်နွှဲနေကြတာဖြစ်ပါတယ်။

အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) က နောက်ဆုံးထုတ်ပြန်ချက်မှာတော့ မြန်မာနိုင်ငံတဝန်း ပြည်သူ့ခုခံတော်လှန်စစ် အရှိန်မြှင့်နေပြီး ဇူလိုင် ၇ ရက်ကနေ ဩဂုတ် ၆ ရက်အထိ  တစ်လတာကာလအတွင်း အကြမ်းဖက်စစ်ကောင်စီဘက်က ၂,၁၅၁ ယောက် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

နိုင်ငံတဝန်း တိုက်ပွဲဖြစ်ပွားမှုအနေနဲ့ ကရင်ပြည်နယ်မှာ ၂၁၉ ကြိမ်၊ စစ်ကိုင်းတိုင်းမှာ ၂၀၂ ကြိမ်နဲ့ အများဆုံးဖြစ်ပွားခဲ့ပြီး ရန်ကုန်တိုင်းကတော့ ဗုံးပေါက်ကွဲမှု ၇၄ ကြိမ်နဲ့ အများဆုံးဖြစ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

လတ်တလောမှာတော့ စစ်ကောင်စီရဲ့ အဆိုးဆုံး အကြမ်းဖက်တာခံခဲ့ရတဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းထဲက မြန်မာပြည် အထက်ပိုင်းလမ်းပိုင်းတွေရဲ့ ၉၀ ရာခိုင်နှုန်းကို PDF တွေက ထိန်းချုပ်ထားနိုင်ပြီလို့ NUG အစိုးရက ဇွန် ၂၁ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောထားပြီး လက်ရှိ မြေပြင်မှာ အကြမ်းဖက်ခံနေရတဲ့ ကျေးရွာတွေဟာ စစ်ကောင်စီနဲ့ PDF တွေ နှစ်ဖက်စလုံး မထိန်းချုပ်နိုင်သေးတဲ့ ကြားနယ်မြေတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပြည်သူ့ခုခံတွန်းလှန်စစ် ၁ နှစ်တာ ကာလအတွင်း စစ်ကောင်စီတပ်သား ၁၅,၀၀၀ နီးပါး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ အယောက် ၄,၈၀၀ ကျော်ထိ ရှိခဲ့တယ်လို့ NUG အစိုးရ ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဒါဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဇွန် ၁ ရက်ကနေ အခုနှစ် မေ ၁၇ ရက်အထိ စုဆောင်းရရှိထားတဲ့ အချက်အလက်တွေအရ ဖော်ပြထားခဲ့တာဖြစ်ပြီး မြန်မာပြည်အနှံ့ တိုက်ပွဲတွေမှာ တပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရမှု အခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိပါဘူး။

2 weeks Ago

March 29, 2022

မြဝတီ-ဝေါလေလမ်းတွင် တိုက်ပွဲများဆက်ဖြစ်၊ စစ်ကောင်စီတပ်သား အကျအဆုံးများ

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ မြဝတီ-ဝေါလေကားလမ်း သေ့ဘောဘိုးရွာဘက်ကို အင်အားအလုံးအရင်း ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်နဲ့ KNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့တွေ   မတ်လ ၂၉ ရက် ဒီနေ့  မနက်ပိုင်းကလည်း တိုက်ပွဲတွေဆက်လက် ဖြစ်ပွားနေပါတယ်။

သေ့ဘောဘိုးရွာအနီး အခုရက်ပိုင်းအတွင်းဖြစ်ပွားနေတဲ့ တိုက်ပွဲမှာ မတ်လ ၂၇ ရက်နေ့က စစ်ကောင်စီတပ်သား ၆၀ ကျော် သေဆုံးခဲ့သလို မတ်လ ၂၈  ရက်နေ့မှာလည်း စစ်ကောင်စီတပ်သား အနည်းဆုံး တဒါဇင်လောက်သေဆုံးပြီး လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရမိခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်ထားပါတယ်။

မြန်မာ-ထိုင်းနယ်စပ် သေ့ဘောဘိုးအနီး ဘလယ်ဒိုရွာနားမှာ  စစ်ကောင်စီ တပ်မ(၄၄) လက်အောက်ခံ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ငြိမ်းချမ်းအောင် ဦးဆောင် စစ်ကြောင်းထိုးလာတဲ့  တပ်တွေကို KNLA ပူးပေါင်းအဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ရာမှာ ၆၁ ဦး သေဆုံးပြီး ၂၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တာပါ။

မတ်လ ၂၈ ရက်မှာလည်း ဝေါလေမြိုင်အရှေ့ဘက်နေရာကို စစ်ကူလာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို ပစ်ခတ်ခဲ့ရာမှာ အနည်းဆုံး ၁၃ ယောက်လောက် ထပ်မံ သေဆုံးသွားပါတယ်။

မြဝတီ အာရှလမ်းမကြီး  တောနော်ရေတံခွန်အနီးမှာလည်း  မတ်လ ၂၈ ရက်က တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ၅ ယောက် သေသွားတယ်လို့  KNLA တပ်ဖွဲ့ဝင်က  အတည်ပြုပြောပါတယ်။

မတ်လ ၂၉ ရက်ဒီနေ့မနက် ကော့ကရိတ်မြို့နဲ့ မြဝတီမြို့အကြား  အာရှလမ်းမကြီးပေါ်မှာ စစ်ကောင်စီက အသုံးပြုတယ်လို့ ယူဆရတဲ့ ကား ၇ စီးကိုလည်း အမည်မသိလက်နက်ကိုင်တပ်ဖွဲ့က ပစ်ခတ်ခဲ့လို့ ထိမှန်ခဲ့ပါတယ်။

မြန်မာ-ထိုင်း ကုန်သွယ်ရေး အဓိကလမ်းမကြီးတခုဖြစ်တဲ့  မြဝတီ-ရန်ကုန်-မန္တလေး အာရှလမ်းမကြီးကို မတ် ၂၇ ရက်နေ့က စတင်ပြီး အသုံးမပြုဖို့ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၆ က ကြေညာချက်ထုတ်ပြန်တားမြစ်ထားတာပါ။

အာရှလမ်းမကြီးပေါ် မတ် ၂၇ ရက်နေ့ နောက်ပိုင်းသွားတဲ့ ယာဉ်တွေဟာ စစ်ကောင်စီနဲ့ ပတ်သက်ဆက်နွှယ်တာဖြစ်နိုင်ပြီး ပြည်သူတွေကတော့ မသွားကြတော့ဘဲ လမ်းပြန်ဖွင့်တဲ့အထိ စောင့်ဆိုင်းနေကြတယ်လို့ ကောကရိတ်မြို့နေသူတဦးက ပြောပါတယ်။

အာရှလမ်းမကြီး ယာယီပိတ်တဲ့အတွက် ကုန်သွယ်ရေးလမ်းပိတ်သွားပြီး စီးပွားရေးထိခိုက်မှာကို မြန်မာနဲ့ ထိုင်းကုန်သည်ကြီးတွေနဲ့ စီးပွားရေးသမားတွေက စိုးရိမ်နေကြပါတယ်။

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့နယ်ခွဲရှိ မောခီးကျေးရွာအနီးရှိ စစ်ကောင်စီရဲ့ အမှတ်(၅၅၅) ခြေမြန်တပ်စခန်းကို   KNLA-KNDO-DKBA(ကလို့ထူးဘော) ပူးပေါင်းတပ်တွေက မတ်လ ၂၁ ရက်ညနေမှာ တိုက်ခိုက်သိမ်းပိုက်ပြီး စစ်သုံ့ပန်းတွေနဲ့ လက်နက်ခဲယမ်းတွေ အမြောက်အမြား သိမ်းဆည်းရမိခဲ့ပါတယ်။

ဒီနောက် စစ်ကောင်စီဘက်က  မောခီးဒေသကို ပြန်လည်ဝင်ရောက်တိုက်ခိုက်နိုင်ဖို့ စစ်ကြောင်းတွေ ထိုးနေရာမှာ တစ်ပတ်ကြာပြီဖြစ်ပေမဲ့   ဒီဒေသကိုမရောက်ရှိသေးဘဲ လမ်းတဝက်မှာတင် ကြားဖြတ်တိုက်ခိုက်ခံရလို့ ကျဆုံး ဒဏ်ရာရသူ အယောက်  ၁၀၀ ကျော်ရှိသွားပြီဖြစ်ပါတယ်။

စစ်အာဏာသိမ်းတာ ၁ နှစ်ကျော်ရှိလာပြီးနောက်  စစ်ကောင်စီတပ်နဲ့ ပြည်သူ့ခုခံကာကွယ်ရေးတပ်တွေကြား တိုင်းရင်းသားပြည်နယ်တွေအပြင် မကွေး၊ စစ်ကိုင်းနဲ့ မန္တလေးစတဲ့ တိုင်းဒေသကြီးတွေမှာ တိုက်ပွဲတွေ နေ့စဉ်ဖြစ်ပွားနေပါတယ်။

စစ်ကောင်စီတပ်က လေကြောင်းနဲ့ လက်နက်ကြီးပစ်ကူ အလွန်အကျွံသုံးကာ အင်အားအလုံး အရင်းနဲ့ ထိုးစစ်ဆင်နေပြီး အရပ်သားပြည်သူတွေကို အစုလိုက်အပြုံလိုက်သတ်ဖြတ်တာ၊ ‌လူနေ အိမ်နဲ့ စားနပ်ရိက္ခာတွေကို မီးရှို့ဖျက်ဆီးတာ အဖိုးတန်ပစ္စည်းတွေယူ ဆောင်တာ တရားမဲ့ ဖမ်းဆီး နှိပ်စက်တာ အမျိုးသမီးတချို့ကို၊ မုဒိမ်းကျင့်သတ်ဖြတ်တာတွေ စတဲ့ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတယ်လို့ မျက်မြင်ပြည်သူတွေက ပြောပါတယ်။

အမေရိကန်အစိုးရကလည်း မြန်မာစစ်တပ်ဟာ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တယ်လို့ သတ်မှတ်ကြောင်း တရားဝင် ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ကုလသမဂ္ဂ၊ အာဆီယံ၊ ဥရောပသမဂ္ဂနဲ့ နိုင်ငံပေါင်း ၂၀ လောက်ကလည်း မြန်မာ စစ်ကောင်စီတပ်အနေနဲ့ အကြမ်းဖက်သတ်ဖြတ်မှုတွေကို ရပ်တန့်ဖို့နဲ့ တောင်းဆိုပါတယ်။

5 months Ago
Up