မြဝတီ-ဝေါလေလမ်းတွင် တိုက်ပွဲများဆက်ဖြစ်၊ စစ်ကောင်စီတပ်သား အကျအဆုံးများ



ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ မြဝတီ-ဝေါလေကားလမ်း သေ့ဘောဘိုးရွာဘက်ကို အင်အားအလုံးအရင်း ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်နဲ့ KNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့တွေ မတ်လ ၂၉ ရက် ဒီနေ့ မနက်ပိုင်းကလည်း တိုက်ပွဲတွေဆက်လက် ဖြစ်ပွားနေပါတယ်။
သေ့ဘောဘိုးရွာအနီး အခုရက်ပိုင်းအတွင်းဖြစ်ပွားနေတဲ့ တိုက်ပွဲမှာ မတ်လ ၂၇ ရက်နေ့က စစ်ကောင်စီတပ်သား ၆၀ ကျော် သေဆုံးခဲ့သလို မတ်လ ၂၈ ရက်နေ့မှာလည်း စစ်ကောင်စီတပ်သား အနည်းဆုံး တဒါဇင်လောက်သေဆုံးပြီး လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရမိခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်ထားပါတယ်။
မြန်မာ-ထိုင်းနယ်စပ် သေ့ဘောဘိုးအနီး ဘလယ်ဒိုရွာနားမှာ စစ်ကောင်စီ တပ်မ(၄၄) လက်အောက်ခံ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ငြိမ်းချမ်းအောင် ဦးဆောင် စစ်ကြောင်းထိုးလာတဲ့ တပ်တွေကို KNLA ပူးပေါင်းအဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ရာမှာ ၆၁ ဦး သေဆုံးပြီး ၂၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တာပါ။
မတ်လ ၂၈ ရက်မှာလည်း ဝေါလေမြိုင်အရှေ့ဘက်နေရာကို စစ်ကူလာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို ပစ်ခတ်ခဲ့ရာမှာ အနည်းဆုံး ၁၃ ယောက်လောက် ထပ်မံ သေဆုံးသွားပါတယ်။
မြဝတီ အာရှလမ်းမကြီး တောနော်ရေတံခွန်အနီးမှာလည်း မတ်လ ၂၈ ရက်က တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ၅ ယောက် သေသွားတယ်လို့ KNLA တပ်ဖွဲ့ဝင်က အတည်ပြုပြောပါတယ်။
မတ်လ ၂၉ ရက်ဒီနေ့မနက် ကော့ကရိတ်မြို့နဲ့ မြဝတီမြို့အကြား အာရှလမ်းမကြီးပေါ်မှာ စစ်ကောင်စီက အသုံးပြုတယ်လို့ ယူဆရတဲ့ ကား ၇ စီးကိုလည်း အမည်မသိလက်နက်ကိုင်တပ်ဖွဲ့က ပစ်ခတ်ခဲ့လို့ ထိမှန်ခဲ့ပါတယ်။
မြန်မာ-ထိုင်း ကုန်သွယ်ရေး အဓိကလမ်းမကြီးတခုဖြစ်တဲ့ မြဝတီ-ရန်ကုန်-မန္တလေး အာရှလမ်းမကြီးကို မတ် ၂၇ ရက်နေ့က စတင်ပြီး အသုံးမပြုဖို့ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၆ က ကြေညာချက်ထုတ်ပြန်တားမြစ်ထားတာပါ။
အာရှလမ်းမကြီးပေါ် မတ် ၂၇ ရက်နေ့ နောက်ပိုင်းသွားတဲ့ ယာဉ်တွေဟာ စစ်ကောင်စီနဲ့ ပတ်သက်ဆက်နွှယ်တာဖြစ်နိုင်ပြီး ပြည်သူတွေကတော့ မသွားကြတော့ဘဲ လမ်းပြန်ဖွင့်တဲ့အထိ စောင့်ဆိုင်းနေကြတယ်လို့ ကောကရိတ်မြို့နေသူတဦးက ပြောပါတယ်။
အာရှလမ်းမကြီး ယာယီပိတ်တဲ့အတွက် ကုန်သွယ်ရေးလမ်းပိတ်သွားပြီး စီးပွားရေးထိခိုက်မှာကို မြန်မာနဲ့ ထိုင်းကုန်သည်ကြီးတွေနဲ့ စီးပွားရေးသမားတွေက စိုးရိမ်နေကြပါတယ်။
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့နယ်ခွဲရှိ မောခီးကျေးရွာအနီးရှိ စစ်ကောင်စီရဲ့ အမှတ်(၅၅၅) ခြေမြန်တပ်စခန်းကို KNLA-KNDO-DKBA(ကလို့ထူးဘော) ပူးပေါင်းတပ်တွေက မတ်လ ၂၁ ရက်ညနေမှာ တိုက်ခိုက်သိမ်းပိုက်ပြီး စစ်သုံ့ပန်းတွေနဲ့ လက်နက်ခဲယမ်းတွေ အမြောက်အမြား သိမ်းဆည်းရမိခဲ့ပါတယ်။
ဒီနောက် စစ်ကောင်စီဘက်က မောခီးဒေသကို ပြန်လည်ဝင်ရောက်တိုက်ခိုက်နိုင်ဖို့ စစ်ကြောင်းတွေ ထိုးနေရာမှာ တစ်ပတ်ကြာပြီဖြစ်ပေမဲ့ ဒီဒေသကိုမရောက်ရှိသေးဘဲ လမ်းတဝက်မှာတင် ကြားဖြတ်တိုက်ခိုက်ခံရလို့ ကျဆုံး ဒဏ်ရာရသူ အယောက် ၁၀၀ ကျော်ရှိသွားပြီဖြစ်ပါတယ်။
စစ်အာဏာသိမ်းတာ ၁ နှစ်ကျော်ရှိလာပြီးနောက် စစ်ကောင်စီတပ်နဲ့ ပြည်သူ့ခုခံကာကွယ်ရေးတပ်တွေကြား တိုင်းရင်းသားပြည်နယ်တွေအပြင် မကွေး၊ စစ်ကိုင်းနဲ့ မန္တလေးစတဲ့ တိုင်းဒေသကြီးတွေမှာ တိုက်ပွဲတွေ နေ့စဉ်ဖြစ်ပွားနေပါတယ်။
စစ်ကောင်စီတပ်က လေကြောင်းနဲ့ လက်နက်ကြီးပစ်ကူ အလွန်အကျွံသုံးကာ အင်အားအလုံး အရင်းနဲ့ ထိုးစစ်ဆင်နေပြီး အရပ်သားပြည်သူတွေကို အစုလိုက်အပြုံလိုက်သတ်ဖြတ်တာ၊ လူနေ အိမ်နဲ့ စားနပ်ရိက္ခာတွေကို မီးရှို့ဖျက်ဆီးတာ အဖိုးတန်ပစ္စည်းတွေယူ ဆောင်တာ တရားမဲ့ ဖမ်းဆီး နှိပ်စက်တာ အမျိုးသမီးတချို့ကို၊ မုဒိမ်းကျင့်သတ်ဖြတ်တာတွေ စတဲ့ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတယ်လို့ မျက်မြင်ပြည်သူတွေက ပြောပါတယ်။
အမေရိကန်အစိုးရကလည်း မြန်မာစစ်တပ်ဟာ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တယ်လို့ သတ်မှတ်ကြောင်း တရားဝင် ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ကုလသမဂ္ဂ၊ အာဆီယံ၊ ဥရောပသမဂ္ဂနဲ့ နိုင်ငံပေါင်း ၂၀ လောက်ကလည်း မြန်မာ စစ်ကောင်စီတပ်အနေနဲ့ အကြမ်းဖက်သတ်ဖြတ်မှုတွေကို ရပ်တန့်ဖို့နဲ့ တောင်းဆိုပါတယ်။