မကွေးတိုင်း မြိုင်မြို့နယ်အတွင်းက ဒေသခံပြည်သူတွေဟာ ဇူလိုင် ၄ ရက် မနက်ပိုင်းမှာ သူတို့ပိုင်ဆိုင်တဲ့ လက်ဝတ်ရတနာတွေနဲ့ ငွေကြေးတွေကို စစ်အာဏာရှင်တော်လှန်ရေးအတွက် လှူဒါန်းပေးခဲ့ကြတယ်လို့ ဂဠုန်ပြောက်ကျားတပ်ဖွဲ့က ပြောပါတယ်။
ဂဠုန်ပြောက်ကျားတပ်ဖွဲ့အတွက် လက်နက်ခဲယမ်းတွေ ဝယ်ယူနိုင်ဖို့ မြိုင်မြို့နယ်ထဲမှာရှိတဲ့ ကျေးရွာတွေက ဒေသခံပြည်သူတွေဟာ ရွှေငွေ၊ လက်ဝတ်ရတနာတွေနဲ့ ငွေကြေးတွေကို ဇူလိုင် ၄ ရက်မနက်ပိုင်းမှာ လှူဒါန်းပေးကြတာလို့ ဂဠုန်ပြောက်ကျားတပ်ဖွဲ့ရဲ့ တိုက်ခိုက်ရေးတာဝန်ခံ ရဲဘော်ဇေယျာက ပြောပါတယ်။
“ရွှေထည်ပစ္စည်တွေရဲ့ အလေးချိန်နဲ့ တန်ဖိုးတွေကိုတော့ မတွက်ချက်ရသေးဘူး။ အဓိကတော့ ပြည်သူတွေရဲ့ရင်ထဲမှာ ကိန်းအောင်နေတဲ့ တော်လှန်ရေးစိတ်ဓာတ်ပေါ့။ ကိုယ်အမြတ်တနိုးတန်ဖိုး ထားတဲ့ နားကွင်းတွေ၊ နားကပ်တွေကို သူတို့မသုံးဘဲနဲ့ တော်လှန်ရေးအတွက် ရက်ရက်ရောရော လှူဒါန်းပေးကြတာ။”
ဆက်လက်ပြီး ရဲဘော်ဇေယျာက “အခုလှူဒါန်းမှုဟာ တနိုင်ငံလုံးအတွက် ခွန်အားဖြစ်စေပြီး PDF တွေအနေနဲ့လည်း ဒါ့ထက်ပိုပြီး အလုပ်လုပ်ကြရမယ်။ ပြည်သူတွေမှာ ချမ်းသာလို့ လှူတာ မဟုတ်ပါဘူး။ ပိုက်ဆံ မရှိတော့လို့ နာကွင်းတွေ၊ နားကပ်တွေ ချွတ်ပြီးတော့ လှူတာဟာ ဒီအရေးတော်ပုံမှာ သူတို့ရဲ့ စိတ်ဆန္ဒတွေ ဘယ်လောက်ထိ ပြင်းပြတယ်ဆိုတာ ပြသလိုက်တာပဲ” လို့ ပြောပါတယ်။
မြိုင်ဒေသခံပြည်သူတွေဟာ ပြီးခဲ့တဲ့ ဇွန် ၁၀ ရက်ကလည်း စစ်အာဏာရှင်တော်လှန်ရေးအတွက် မြိုင် ပ.က.ဖနဲ့ MVRF တို့ကို ရွှေထည်ပစ္စည်းတွေနဲ့ ငွေကြေးတွေ လှူဒါန်းပေးခဲ့ကြတယ်လို့ သိရပါတယ်။
မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ်မြောက်ပိုင်းက သမင်ချောက်ကျေးရွာကို ဇန်နဝါရီလ ၁၃ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီတပ်တွေ ဝင်ရောက်မွှေနှောက်တာကြောင့် ဒေသခံပြည်သူ တစ်ထောင်ကျော်လောက် ဘေးလွတ်ရာကို ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
စစ်ကောင်စီတပ်တွေက အင်အား ၂၀၀ လောက်နဲ့ ဒီကနေ့ မနက် ၄ နာရီခွဲလောက်က စပြီးတော့ သမင်ချောက်ရွာကို လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်ရောက်လာတာကြောင့် အိမ်ခြေ ၃၀၀ လောက်က ဒေသခံပြည်သူ ၁၀၀၀ ကျော်လောက် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သမင်ချောက်ကျေးရွာဒေသခံတစ်ယောက်က ဒီဗွီဘီကို ပြောပါတယ်။
“စစ်ကောင်စီတပ်တွေက ဒီကနေ့မနက် အစောပိုင်းမှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီးတော့ ဝင်ရောက်လာတာဗျ။ ကျနော်တို့လည်း ဖမ်းဆီးသတ်ဖြတ်ခံရမှာကို ကြောက်လို့ တောထဲမှာ တိမ်းရှောင်နေရတယ်။ သေနတ်ပစ်ခတ် သံတွေကတော့ ဆက်တိုက်ကြားနေရတယ်။”
ရွာထဲမှာရှိတဲ့ နေအိမ်တွေကို မွှေနှောက်ဖျက်ဆီးတာတွေပြုလုပ်ပြီး ပစ္စည်းတွေ၊ ငွေတွေကို ယူဆောင်သွားတဲ့အပြင် အိမ်မွေးတိရစ္ဆာန်တွေကိုလည်း သတ်ဖြတ် စားသောက်သွားကြတယ်လို့ ပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ မြိုင်မြို့နယ်ကို စစ်ကြောင်းငါးကြောင်းလောက်နဲ့ ထိုးစစ်ဆင်နေပြီး လက်ယက်မရွာ၊ သမင်ချောက်ရွာ၊ မြန်အောင်ရွာ၊ မင်းသားကျရွာ၊ သက္ကယ်ကန်ရွာ၊ ကျောက်ခွက်ရွာနဲ့ ဘုန်းကြီးကန်ကျေးရွာဘက်က ဒေသခံပြည်သူ တစ်သောင်းနီးပါးလောက် ဘေးလွတ်ရာကို ထွက်ပြေးနေကြရတယ်လို့ ဆိုပါတယ်။
မြိုင်မြို့နယ်နဲ့ ပေါက်မြို့အစပ် ကျောက်ခွက်ရွာနားက ရေနံမှော်နာမှာလည်း ဒီကနေ့ မနက်ပိုင်း စစ်ကောင်စီတပ်တွေက လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်နေပြီးတော့ စစ်ရှောင်ပြည်သူတွေရဲ့ နေအိမ်တွေနဲ့ ဆိုင်ကယ်တွေ မီးရှို့ ဖျက်ဆီးခံခဲ့ရတယ်လို့ ကျောက်ခွက်ရွာ ဒေသခံတစ်ယောက်က ပြောပါတယ်။
မြိုင်မြို့နယ် လက်ယက်မရွာနဲ့ ကန်နီကျေးရွာကြားမှာတော့ ဇန်နဝါရီ ၁၁ ရက်နေ့က မြိုင် PDF နဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ် သား ၇ ယောက်လောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။