close

မြိုင်ပြည်သူများ လက်ဝတ်ရတနာနှင့် ငွေကြေးများ တော်လှန်ရေးအတွက် လှူဒါန်း

မကွေးတိုင်း မြိုင်မြို့နယ်အတွင်းက ဒေသခံပြည်သူတွေဟာ ဇူလိုင် ၄ ရက် မနက်ပိုင်းမှာ သူတို့ပိုင်ဆိုင်တဲ့ လက်ဝတ်ရတနာတွေနဲ့ ငွေကြေးတွေကို စစ်အာဏာရှင်တော်လှန်ရေးအတွက် လှူဒါန်းပေးခဲ့ကြတယ်လို့ ဂဠုန်ပြောက်ကျားတပ်ဖွဲ့က ပြောပါတယ်။

ဂဠုန်ပြောက်ကျားတပ်ဖွဲ့အတွက် လက်နက်ခဲယမ်းတွေ ဝယ်ယူနိုင်ဖို့ မြိုင်မြို့နယ်ထဲမှာရှိတဲ့ ကျေးရွာတွေက ဒေသခံပြည်သူတွေဟာ ရွှေငွေ၊ လက်ဝတ်ရတနာတွေနဲ့ ငွေကြေးတွေကို ဇူလိုင် ၄ ရက်မနက်ပိုင်းမှာ လှူဒါန်းပေးကြတာလို့ ဂဠုန်ပြောက်ကျားတပ်ဖွဲ့ရဲ့ တိုက်ခိုက်ရေးတာဝန်ခံ ရဲဘော်ဇေယျာက ပြောပါတယ်။

“ရွှေထည်ပစ္စည်တွေရဲ့ အလေးချိန်နဲ့ တန်ဖိုးတွေကိုတော့ မတွက်ချက်ရသေးဘူး။ အဓိကတော့ ပြည်သူတွေရဲ့ရင်ထဲမှာ ကိန်းအောင်နေတဲ့ တော်လှန်ရေးစိတ်ဓာတ်ပေါ့။ ကိုယ်အမြတ်တနိုးတန်ဖိုး ထားတဲ့ နားကွင်းတွေ၊ နားကပ်တွေကို သူတို့မသုံးဘဲနဲ့ တော်လှန်ရေးအတွက် ရက်ရက်ရောရော လှူဒါန်းပေးကြတာ။”

ဆက်လက်ပြီး ရဲဘော်ဇေယျာက “အခုလှူဒါန်းမှုဟာ တနိုင်ငံလုံးအတွက် ခွန်အားဖြစ်စေပြီး PDF တွေအနေနဲ့လည်း ဒါ့ထက်ပိုပြီး အလုပ်လုပ်ကြရမယ်။ ပြည်သူတွေမှာ ချမ်းသာလို့ လှူတာ မဟုတ်ပါဘူး။ ပိုက်ဆံ မရှိတော့လို့ နာကွင်းတွေ၊ နားကပ်တွေ ချွတ်ပြီးတော့ လှူတာဟာ ဒီအရေးတော်ပုံမှာ သူတို့ရဲ့ စိတ်ဆန္ဒတွေ ဘယ်လောက်ထိ ပြင်းပြတယ်ဆိုတာ ပြသလိုက်တာပဲ” လို့ ပြောပါတယ်။

မြိုင်ဒေသခံပြည်သူတွေဟာ ပြီးခဲ့တဲ့ ဇွန် ၁၀ ရက်ကလည်း စစ်အာဏာရှင်တော်လှန်ရေးအတွက် မြိုင် ပ.က.ဖနဲ့ MVRF တို့ကို ရွှေထည်ပစ္စည်းတွေနဲ့ ငွေကြေးတွေ လှူဒါန်းပေးခဲ့ကြတယ်လို့  သိရပါတယ်။

//
Up