စစ်အာဏာသိမ်း ၂ နှစ်ပြည့်နဲ့ ပြည်သူ့နွေဦးတော်လှန်ရေး ၂ နှစ်ပြည့်အဖြစ် ဖေဖော်ဝါရီ ၁ ရက်မှာ ပြုလုပ်မယ့် Silent Strike (အပြင်မထွက် ငြိမ်သက်တိတ်ဆိတ်ခြင်း သပိတ်) နေ့မှာ တပ်ထောက်ခံသူတွေနဲ့ အမျိုးသားရေးသမားတွေကလည်း ရန်ကုန်၊ မြို့ဝောာ်ခန်းမရှေ့မှာ စစ်ကောင်စီ ထောက်ခံပွဲပြုလုပ်ဖို့ စီစဉ်ထားပါတယ်။
အဆိုပါ စစ်ကောင်စီတပ်ထောက်ခံပွဲကို မိုက်ကယ်ကျော်မြင့်၊ မင်းသားကြီး (ခ) အောင်ဆန်းဦး၊ ဒေါ်မိုးမိုးခိုင်တို့က ဦးဆောင်ကျင်းပမယ်လို့ သိရပြီး ရန်ကုန်၊ သမ္မတရုပ်ရှင်ရုံရှေ့မှာ နေ့လယ် ၁၂ နာရီလောက် စုဝေးကာ မြို့တော်ခန်းမရှေ့ရှိ မဟာဗန္ဓုလပန်းခြံဘေးကို စီတန်းလှည့်လည်သွားမယ်လို့ ဆိုပါတယ်။
အဆိုပါထောက်ခံပွဲနဲ့ ပတ်သက်ပြီး စစ်ကောင်စီပွဲစဉ်သူတဦးက “၁ ရက်နေ့ကိစ္စက ဟုတ်ပါတယ်။ အစည်းအဝေးမှာ စီစဉ်ထားတာက ကြာပြီ။ ဒီနေ့မှ ကြေညာချက်ထုတ်လိုက်တာ။ ထောက်ကြန့်၊ မြောက်ဥက္ကလာ၊ သာကေတတဝိုက်က ကိုယ့်လူနဲ့ကိုယ် အကြိုအပို့ရှိတယ်။ လုံခြုံရေးနဲ့ပတ်သက်လို့ နီးစပ်ရာ ခလရ၊ ခမရတွေက တာဝန်ယူပေးမယ်လို့ ပြောထားတယ်။ အစိုးရ ၂ နှစ်ပြည့်နဲ့ ကာ/လုံ ကြိုဆိုပွဲ ပါပါတယ်။ လူကတော့ ကြိုဖိတ်ထားတာ ကြာပြီ။ အခုမှ ကြေညာချက် ထုတ်လိုက်တာပါ” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်မတော်ချစ်မြတ်နိုးသူများအဖွဲ့ရဲ့ ဇန်နဝါရီ ၃၀ ရက် ထုတ်ပြန်ချက်မှာ Silent Strike ကို တုံ့ပြန်တဲ့အနေနဲ့ အဲ့ဒီနေ့မှာ ပုံမှန်အတိုင်း သွားလာကြဖို့၊ လိုအပ်ပါက မြို့နယ်တိုင်းမှာ တပ်ထောက်ခံပွဲတွေ စုပေါင်းပြုလုပ်သွားမယ်လို့ တွေ့ရပါတယ်။
ဒါနဲ့ပတ်သက်ပြီး ရန်ကုန် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားသူတဦးက “စစ်တပ်ကလူတွေအပြင်ထွက်နေတယ်။ သူတို့ကို ထောက်ခံနေတယ်။ အာဏာသိမ်းတာကို လက်ခံနေတဲ့ပုံကို ပြချင်လို့ ပွဲလုပ်တာပဲ။ နွေဦးတော်လှန်ရေးက ၂ နှစ်ပြည့်ပြီလေ။ ဘယ်သူက ဘာလဲ၊ ပြည်သူကလည်း သိတယ်၊ မြန်မာကလည်း သိတယ်၊ ကမ္ဘာကလည်း သိတယ်။ စစ်အာဏာရှင်ဆိုတာ မြန်မာမှာ မင်းအောင်လှိုင် နောက်ဆုံးပဲ။ သူ့တပ်က နောက်ဆုံးပဲ ဖြစ်စေရမယ်။ ပြည်သူကို ပြောချင်တာက သူတို့နဲ့ ဝေးဝေးနေပါ။ တတ်နိုင်ရင် အပြင်မထွက်ပါနဲ့။ အသံတိတ်သပိတ်မှာ ပါဝင်ပေးပါ။ ၁၀ နာရီကနေ ညနေ ၃ နာရီအတွင်းပါပဲ။ အာဏာရှင်ကို ဒီလိုနည်းနဲ့ အာခံပြီး သပိတ်မှာ ပါဝင်ကြပါလို့ပဲ ပြောချင်ပါတယ်” လို့ ပြောပါတယ်။
ပြည်သူ့နွေဦးတော်လှန်ရေး ၂ နှစ်ပြည့်၊ လူထုတိုက်ပွဲ၊ အသံမထွက် ငြိမ်သက်တိတ်ဆိတ်ခြင်းသပိတ် (Silent Strike) ကို ဖေဖော်ဝါရီ ၁ ရက် မနက် ၁၀ နာရီကနေ ညနေ ၃ နာရီအတွင်း ပြုလုပ်သွားမှာဖြစ်ပြီး “တသံတည်းညီ တချီတည်းရုန်း”၊ “တရားမဝင်ရွေးကောက်ပွဲကို တိုက်ဖျက်ကြ၊ တိတ်ဆိတ်မှုနဲ့သက်သေပြ” စတဲ့ ဆောင်ပုဒ်တွေနဲ့လည်း ကြွေးကြော်ထားပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့လယ်မှာရှိတဲ့ မြို့တော်ခန်းမဝင်းအတွင်းကို နိုဝင်ဘာ ၂ ရက် မွန်းလွဲပိုင်းက လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခံရပြီး စစ်ကောင်စီလက်အောက်ခံ ၂ ယောက် ထိခိုက်ဒဏ်ရာရသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။
လားရှိုးမြို့မှာ နိုဝင်ဘာ ၄ ရက်မှ ၇ ရက်အထိ တန်ဆောင်တိုင်ပွဲကျင်းပဖို့ ပြင်ဆင်နေချိန် ပွဲကျင်းပဖို့ ၂ ရက်အလိုမှာ အခုလို ဗုံးပစ်တိုက်ခိုက်မှု ဖြစ်ခဲ့တာပါ။
လားရှိုးမြို့တော်ခန်းမဝင်းအတွင်း ဗုံးပစ် တိုက်ခိုက်မှုကို ရှမ်းပြည်နယ်မြောက်ပိုင်းမဟာ မိတ်တပ်ရင်း (NSSAA)က လုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
မြို့ခံတယောက်က “ဗုံးပေါက်သံလည်း ကြားပြီးရော စစ်တပ်က ရောက်လာပြီး ဒဏ်ရာရတဲ့သူ နှစ်ဦးကို အိတ်နဲ့ ထည့်ပြီး သူတို့စစ်ကားနဲ့ သူတို့သယ်သွားတာ အဲဒီဝင်းထဲကို လုံခြုံရေးချလိုက်တယ်"လို့ ပြောပါတယ်။
စစ်ကောင်စီဟာ စီမံချက်အနေနဲ့ လားရှိုးမြို့အပါအဝင် မြို့ကြီးတွေမှာ တန်ဆောင်တိုင်ပွဲ ကျင်းပဖို့ ဆောင်ရွက်နေတာဖြစ်ပါတယ်။ အခုတန်ဆောင်တိုင်ကျင်းပနိုင်ဖို့ ရပ်ကွက်တွေအတွင်း ပိတ်ဆို့ရှာဖွေစစ်ဆေး ဖမ်းဆီးနေသလို မြို့အဝင်မှာ မှတ်ပုံတင်စစ်တာ ဧည့်စာရင်းတိုင်ခိုင်းတာတွေ ပြုလုပ်နေတယ်လို့ မြို့ခံတွေက ဆိုပါတယ်။
လာရှိုးဒေသခံတဦးက “စစ်တပ် သူတို့ ဒီမြို့ကို ထိန်းနိုင်တယ်ဆိုတဲ့ သဘောနဲ့ တန်ဆောင်တိုင်ပွဲကို အတင်းလုပ်ပြတာ။ လုံခြုံရေးတွေချ စစ်ဆေးရေးတွေလုပ်နဲ့ အတင်းကို ဆောင်ရွက်နေတာ။ အခုတော့ ဗုံးပစ်ခံရပြီ။ သူတို့ကို ဘယ်သူမှလက်မခံဘူး။ အားမတန်လို့ မာန်လျှော့နေကြတာ။ သူတို့ပွဲကို သွားဖို့လည်း စိတ်ကူးကိုမရှိတာ”လို့ ပြောပါတယ်။
လားရှိုးမြို့ဟာ စစ်ကောင်စီတပ်ရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ရုံးစိုက်ရာမြို့ ဖြစ်ပြီး မြို့ဧရိယာအတွင်းမှာ တပ်ရင်းပေါင်း ၂၀ ၀န်းကျင်ရှိနေပါတယ်။
ဒါ့အပြင် တပ်လက်အောက်ခံပြည်သူ့စစ်နဲ့ တပ်ထောက်ခံသူတွေများတဲ့ မြို့ပေါ်ရပ်ကွက်မှာ လက်နက်တချို့ သိမ်းဆည်းရမိပြီး တန်ဆောင်တိုင်ပွဲမကျင်းပခင် ၂ ရက်အလိုမှာ မြို့တော်ခန်းမ ၀င်းအတွင်းကို ဗုံးပစ်တိုက်ခိုက်ခံရတဲ့အပေါ် ပြည်သူတွေက ဝေဖန်တာတွေ ရှိနေပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက် အာဏာသိမ်းမှုကို ငြိမ်းချမ်းစွာ ဆန့်ကျင်ခဲ့ကြတဲ့သူ ၁၀၀ ကျော်လောက်ကို ဖမ်းဆီးပြီး လားရှိုးထောင်မှာ ချုပ်နှောင်ထားပါတယ်။