close

လားရှိုးမြို့တော်ခန်းမဝင်းထဲ ဗုံးပစ်ခံရပြီး စစ်ကောင်စီလက်အောက်ခံ ၂ ဦး ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့လယ်မှာရှိတဲ့  မြို့တော်ခန်းမဝင်းအတွင်းကို နိုဝင်ဘာ ၂ ရက် မွန်းလွဲပိုင်းက လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခံရပြီး စစ်ကောင်စီလက်အောက်ခံ ၂ ယောက် ထိခိုက်ဒဏ်ရာရသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

လားရှိုးမြို့မှာ နိုဝင်ဘာ ၄ ရက်မှ ၇ ရက်အထိ တန်ဆောင်တိုင်ပွဲကျင်းပဖို့ ပြင်ဆင်နေချိန် ပွဲကျင်းပဖို့ ၂ ရက်အလိုမှာ အခုလို ဗုံးပစ်တိုက်ခိုက်မှု ဖြစ်ခဲ့တာပါ။

လားရှိုးမြို့တော်ခန်းမဝင်းအတွင်း ဗုံးပစ် တိုက်ခိုက်မှုကို  ရှမ်းပြည်နယ်မြောက်ပိုင်းမဟာ မိတ်တပ်ရင်း (NSSAA)က လုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

မြို့ခံတယောက်က “ဗုံးပေါက်သံလည်း ကြားပြီးရော စစ်တပ်က ရောက်လာပြီး ဒဏ်ရာရတဲ့သူ နှစ်ဦးကို အိတ်နဲ့ ထည့်ပြီး သူတို့စစ်ကားနဲ့ သူတို့သယ်သွားတာ အဲဒီဝင်းထဲကို လုံခြုံရေးချလိုက်တယ်"လို့ ပြောပါတယ်။

စစ်ကောင်စီဟာ စီမံချက်အနေနဲ့ လားရှိုးမြို့အပါအဝင် မြို့ကြီးတွေမှာ တန်ဆောင်တိုင်ပွဲ ကျင်းပဖို့ ဆောင်ရွက်နေတာဖြစ်ပါတယ်။ အခုတန်ဆောင်တိုင်ကျင်းပနိုင်ဖို့ ရပ်ကွက်တွေအတွင်း ပိတ်ဆို့ရှာဖွေစစ်ဆေး ဖမ်းဆီးနေသလို မြို့အဝင်မှာ မှတ်ပုံတင်စစ်တာ ဧည့်စာရင်းတိုင်ခိုင်းတာတွေ ပြုလုပ်နေတယ်လို့ မြို့ခံတွေက ဆိုပါတယ်။ 

လာရှိုးဒေသခံတဦးက “စစ်တပ် သူတို့ ဒီမြို့ကို ထိန်းနိုင်တယ်ဆိုတဲ့ သဘောနဲ့ တန်ဆောင်တိုင်ပွဲကို အတင်းလုပ်ပြတာ။ လုံခြုံရေးတွေချ စစ်ဆေးရေးတွေလုပ်နဲ့ အတင်းကို ဆောင်ရွက်နေတာ။ အခုတော့ ဗုံးပစ်ခံရပြီ။ သူတို့ကို ဘယ်သူမှလက်မခံဘူး။ အားမတန်လို့ မာန်လျှော့နေကြတာ။ သူတို့ပွဲကို သွားဖို့လည်း စိတ်ကူးကိုမရှိတာ”လို့ ပြောပါတယ်။

လားရှိုးမြို့ဟာ စစ်ကောင်စီတပ်ရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ရုံးစိုက်ရာမြို့ ဖြစ်ပြီး မြို့ဧရိယာအတွင်းမှာ တပ်ရင်းပေါင်း ၂၀ ၀န်းကျင်ရှိနေပါတယ်။

ဒါ့အပြင် တပ်လက်အောက်ခံပြည်သူ့စစ်နဲ့ တပ်ထောက်ခံသူတွေများတဲ့ မြို့ပေါ်ရပ်ကွက်မှာ လက်နက်တချို့ သိမ်းဆည်းရမိပြီး တန်ဆောင်တိုင်ပွဲမကျင်းပခင် ၂ ရက်အလိုမှာ မြို့တော်ခန်းမ ၀င်းအတွင်းကို ဗုံးပစ်တိုက်ခိုက်ခံရတဲ့အပေါ်  ပြည်သူတွေက ဝေဖန်တာတွေ ရှိနေပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက် အာဏာသိမ်းမှုကို ငြိမ်းချမ်းစွာ ဆန့်ကျင်ခဲ့ကြတဲ့သူ ၁၀၀ ကျော်လောက်ကို  ဖမ်းဆီးပြီး လားရှိုးထောင်မှာ ချုပ်နှောင်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up